မန်ချက်စတာယူနိုက်တက်အသင်းကွင်းလယ်ကြယ်ပွင့်ကစားသမား ပေါ့ဂ်ဘာက နည်းပြ ဆိုးလ်ရှားကို အသင်းမှာဆက်နေမယ်လို့ ကတိပေးထားကြောင်း The Sun ကဖော်ပြထားပါတယ်။
ဒီနှစ်ဘောလုံးရာသီမစတင်ခင်ကတည်းက မန်ချက်စတာယူနိုက်တက်အသင်းကနေထွက်ခွာမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ ပေါ့ဂ်ဘာဟာ လက်ရှိအချိန်မှာအသင်းအတွက်ခြေစွမ်းပြကစားနေပါတယ်။ နည်းပြ မော်ရင်ဟိုလက်ထက်မှာ အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်တိုင်းအသင်းကထွက်ခွာမယ်လို့ အမြဲသတင်းထွက်ခဲ့ပြီး ဥရောပထိပ်တန်းကလပ်အသင်းတွေဖြစ်တဲ့ ဘာစီလိုနာ၊ ဂျုဗင်တပ်အသင်းတွေကလည်း ပေါ့ဂ်ဘာကိုခေါ်ယူဖို့စိတ်ဝင်စားခဲ့ကြပါတယ်။ ဒါပေမယ့် နည်းပြ ဆိုးလ်ရှားလက်ထက်မှာ ပုံစံကောင်းပြန်လည်ရရှိနေတဲ့ပေါ့ဂ်ဘာက အသင်းမှာဆက်ရှိနေမယ်လို့ ကတိပေးထားကြောင်း The Sun ကဖော်ပြထားပါတယ်။
“ပေါလ် (ပေါ့ဂ်ဘာ) က အသင်းကနေထွက်ဖို့ ဆန္ဒမရှိဘူးလို့ ဆိုးလ်ရှားကိုပြောထားတယ်။ သူတို့နှစ်ယောက်စလုံးက သမိုင်းသစ်တစ်ခုကို အတူရေးဖို့ ဆန္ဒရှိနေကြတာပါ။ ပေါ့ဂ်ဘာက အသင်းအောင်မြင်ဖို့အတွက် ဦးဆောင်သူတစ်ဦးဖြစ်ပြီး ရောင်းချမယ့်ကစားသမားမဟုတ်ပါဘူး”လို့ မန်ချက်စတာယူနိုက်တက်အသင်းပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောခဲ့ကြောင်း The Sun ကဖော်ပြထားပါတယ်။ ပေါ့ဂ်ဘာဟာ ဂျုဗင်တပ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ၂၀၁၆ဘောလုံးရာသီမှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၈၉.၃သန်းနဲ့ပြောင်းရွှေ့ခဲ့သူပါ။
ပေါ့ဂ်ဘာကို နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာခေါ်ယူနိုင်ဖို့အတွက် ရီးယဲလ်မက်ဒရစ်၊ ဂျုဗင်တပ်နဲ့ ပီအက်စ်ဂျီအသင်းတွေကကြိုးပမ်းနေတယ်လို့သတင်းတွေကဖော်ပြနေကြပါတယ်။ ပေါ့ဂ်ဘာဟာ နည်းပြ မော်ရင်ဟိုရှိစဉ်က ဆက်ဆံရေးအဆင်မပြေခဲ့ပဲ ပွဲထွက်ခွင့်ဆုံးရှုံးခဲ့သလို ဝေဖန်မှုတွေနဲ့လည်းရင်ဆိုင်ခဲ့ရပါတယ်။ ပေါ့ဂ်ဘာဟာ ဆိုးလ်ရှားလက်ထက် မန်ယူအသင်းသွင်းဂိုးတွေရဲ့ ၅၅ရာခိုင်နှုန်းပါဝင်ပတ်သက်ထားပါတယ်။