ဖြူဖြူထွေးဟာ ငယ်စဉ်ကတည်းက ဖြတ်သန်းခဲ့ရတဲ့ တောရွာက အိမ်လေးအကြောင်းကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီရွာလေးနဲ့ ဒီအိမ်လေး က အမှတ်တရတွေကို ဖြူဖြူထွေးကိုယ်တိုင် လိုက်လံပြသခဲ့တာပါ။
Photo: Phyu Phyu Htwe
သရုပ်ဆောင် ဖြူဖြူထွေးက သူမရဲ့ ငယ်ဘဝအမှတ်တရတွေ အများကြီးရှိခဲ့တဲ့ အိမ်လေးအကြောင်းကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ သူမဟာ တောသူတောင်သား တစ်ယောက်ဖြစ်ပြီး ဖြူဖြူစင်စင် နဲ့ ပွင့်ပွင့်လင်းလင်း နေတတ်သူဖြစ်ပါတယ်။
‘’ မင်္ဂလာပါ.. ရွာရောက်နေပါတယ်။ ရွာက အိမ်လေးကို ရောက်ဖူးအောင် မြင်ဖူးအောင် ပြမယ်ပေါ့နော်။ အိမ်တံခါးက အမေရိကန်စနစ်လိုပဲ ကိုယ်တိုင်ဖွင့် ကိုယ်တိုင်ပိတ်။ ဒါကတော့ ရွာမှာဆိုရင် မရှိမဖြစ် သုံးတဲ့စက် ရေချိုးတဲ့စက်ပေါ့။ ရေချိုးဖို့ ရေစက်ကို နှိုးပြီဟေ့ဆိုရင် လက်ပြုတ်မတက်ပဲ။ တချို့ကျတော့ ချောင်းထဲမှာ ချိုးကြတယ်။ ချောင်းထဲမှာကျတော့ လူဝိုင်းကြည့်တယ်၊ နည်းနည်းရှက်တဲ့လူတွေကျတော့ မချိုးရဲဘူးပေါ့နော်။ အိမ်မှာချိုးတဲ့ ရေချိုးခန်းကိုပြမယ်။ ရေချိုးခန်းဆိုတော့ ကိုယ့်အိမ်မှာ ကိုယ်ချိုးတာ ဘယ်သူ့မှရှက်စရာမလိုဘူးပေါ့။’’ ဆိုပြီးတော့ မတ်လ ၂၉ ရက်နေ့ ညနေ ၆ နာရီခွဲကျော်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဗီဒီယိုဖိုင်လေးနဲ့အတူ သူမရဲ့ ခြံဝန်းထဲက ရေစက်နဲ့ ရေတွင်းလေး အကြောင်းကို စတင်မိတ်ဆက် ပေးခဲ့ပါတယ်။
Photo: Phyu Phyu Htwe
နောက်ထပ်လည်း ဖြူဖြူထွေးက သူမအိမ်မှာရှိတဲ့ မီးဖိုချောင်လေးအကြောင်းကို မိတ်ဆက်ပေးခဲ့ပါတယ်တဲ့။ ငယ်ငယ်က မုန့်တွေကို မမီတမီနဲ့ လက်လှမ်းပြီး စားခဲ့ရတဲ့ အမှတ်တရ ကတော့ မမေ့နိုင်အောင်ပါပဲတဲ့။
‘’ မီးဖိုချောင်အခန်းလေးကတော့ ဟိုးငယ်ငယ်လေးတုန်းက အမှတ်တရတွေ အများကြီးရှိတယ်။ ကြောင်အိမ်ပေါ်မှာ မုန့်တွေ တင်ထားရင် မမီတမီ နဲ့ စားရတာပေါ့နော်။ အခုကျတော့ ကိုယ့်အရပ်နဲ့ အတူတူလောက်ဖြစ်နေပြီ။ မွေးကတည်းက မီးဖိုချောင်ဆိုတော့ ဒိုးချင်းပေါက် ဖြစ်နေပြီ။ ရွာမှာ ရေခဲသေတ္တာမရှိတော့ ချဉ်ပေါင်ရွက်ကို အေးအောင်ဆိုပြီးတော့ ပုဆိုးစနဲ့ ပတ်ထားတယ်။ နေအရမ်းပူတော့ ပုဆိုးစလေးကို ရေစွတ်ပြီး ချဉ်ပေါင်ရွက်ကို ထုတ်ထားတာ ရေခဲသေတ္တာထဲမှာ ထည့်ထားသလိုပါပဲ။ ဒီ မီးဖိုချောင်လေးကို မြင်တိုင်း ငယ်ငယ်တုန်းက ဘဝလေးကို အမြဲအမှတ်ရစေတယ်၊ ပျော်လည်း ပျော်ပါတယ်။’’ လို့ သူကဆိုပါတယ်။
Photo: Phyu Phyu Htwe
နောက်ထပ်လည်း ဖြူဖြူထွေးက သူမမိခင် စိုက်ပျိုးထားတဲ့ ပန်းဥယျာဉ်အကြောင်းကိုလည်း မိတ်ဆက်ပေးခဲ့ပြန်ပါသေးတယ်။
‘’ အမေစိုက်ထားတဲ့ နှင်းဆီပန်းပင်လေးတွေပေါ့။ အကျယ်ကြီးတော့ မဟုတ်ပေမယ့် စိတ်ချမ်းသာပါတယ်။ ဒီလောက်စိမ်းလန်းဆိုပြေပြီး သစ်ရွက်လေးတွေနဲ့ဆိုတော့ အရမ်းပျော်စရာကောင်းပါတယ်။ ဒါကတော့ ကျွန်မရဲ့ အိမ်မှာ အကျယ်ဆုံး ဥယျာဉ်လေးဖြစ်ပါတယ်။ ဒါက ရွာက အိမ်လေးဖြစ်ပါတယ်ရှင့်’’ ဆိုပြီးတော့ သူမရဲ့ ဥယျာဉ်ခြံလေးကို နောက်ဆုံး မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။
Photo: Phyu Phyu Htwe
ဟာသဗီဒီယိုဖိုင်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့အတူ ဝေဖန်မှုတွေလည်း ကြုံခဲ့ရတဲ့ဖြူဖြူထွေးဟာ ယခုဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ သူမဟာ ဝေဖန်မှုတွေကိုကြံ့ကြံ့ခံပြီး ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းလာတဲ့သူ ဖြစ်တာကြောင့် သူ့ကို ချစ်ခင်တဲ့ ပရိသတ်တွေကိုလည်း ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမရဲ့ ကြိုးစားအားထုတ်မှုက ရတဲ့ အနုပညာကြေးနဲ့ မိဘတွေကို တိုက်အိမ်ဆောက်ပေးနေပြီလို့ သိရပါတယ်။