ဆော်ဒီကလပ်တွေက လီဗာပူးကြယ်ပွင့်နှစ်ယောက်ကို ပစ်မှတ်ထားလာတာပါ။

ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကွင်းလယ်ခံစစ်ကစားသမားကို မဖြစ်မနေ ခေါ်ယူလိုတဲ့ လီဗာပူးဟာ လက်ရှိအချိန်အထိ သူတို့ရဲ့ အစီအစဉ်ကို အောင်မြင်အောင် အကောင်အထည်မဖော်နိုင်သေးပါဘူး။ ဒါ့အပြင် လက်ရှိအချိန်မှာ သူတို့ရဲ့ နောက်ထပ် အဓိက,ကစားသမားနှစ်ယောက်ကိုတောင် ထပ်မံ လက်လွှတ်ရဖွယ်ရှိလာပါတယ်။



ဆော်ဒီကလပ် အယ်လ်အီတီဟတ်က လီဗာပူးတိုက်စစ်ကစားသမား ဆာလာကို ခေါ်ယူဖို့အတွက် ဒီလအစောပိုင်းက စတင် ကြိုးစားလာခဲ့ပါတယ်။ အဆိုပါ အသင်းဟာ ဆာလာအတွက် နှစ်ရာသီစာ လုပ်ခအဖြစ် ယူရိုသန်း (၁၈၀) အထိ ပေးချေဖို့ ပြင်ဆင်ထားကြောင်း သတင်းတွေကဖော်ပြထားပါတယ်။

ဒါ့အပြင် ဆာလာအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း (၆၀) ပေးချေဖို့ ပြင်ဆင်ထားကြောင်းလည်း သိရှိရပါတယ်။ ဒီသတင်းတွေကို ကစားသမားရဲ့ အေးဂျင့်ဘက်က ငြင်းဆန်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အယ်လ်အီတီဟတ်က ထပ်မံကြိုးစားလာဖွယ်ရှိနေပါတယ်။ လီဗာပူးဟာ လာဗီယာ၊ ကိုင်စီဒိုတို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ချဲလ်ဆီးထံမှာ နောက်ကောက်ချခံခဲ့ရပြီး အခုချိန်မှာတော့ ဆာလာလို အဓိက,ကစားသမားကိုပါ လက်လွှတ်ရဖွယ်ရှိလာပါတယ်။

ဆော်ဒီကလပ်တွေဘက်က အခုလိုမျိုး စိတ်ဝင်စားနေတာက လီဗာပူးကစားသမားတစ်ယောက်တည်း မဟုတ်ဘဲ နောက်ထပ် တစ်ယောက်လည်း ရှိနေပါတယ်။ အဆိုပါ ကစားသမားကတော့ ဂိုးသမား အယ်လစ်ဆန်ဖြစ်ပါတယ်။ အယ်လ်အီတီဟတ်ဟာဆိုရင် လက်ရှိနွေရာသီမှာ ဘလွန်းဒီအောဆုရှင် ဘန်ဇီမာ၊ ကန်တေတို့အပြင် လီဗာပူး ကွင်းလယ်လူပဲဖြစ်တဲ့ ဖာဘင်ဟိုကိုပါ ခေါ်ယူထားတာပါ။

လီဗာပူးဟာ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကိုလည်း ဆော်ဒီမြေကိုပဲ လက်လွှတ်ထားရပြီး အခုချိန်မှာတော့ အယ်လစ်ဆန်နဲ့ ဆာလာတို့ကိုပါ လက်လွှတ်ရဖွယ်ရှိနေပါတယ်။ ရော်နယ်ဒို ဆော်ဒီမြေကို ရောက်ရှိသွားပြီးနောက် ဥရောပက နာမည်ကျော် ကစားသမားတွေဟာ ဆော်ဒီကလပ်တွေရဲ့ ငွေကြေးအလုံးအရင်းနဲ့ ဆွဲဆောင်မှုအောက်ကို သိသိသာသာ ရောက်ရှိသွားခဲ့တာကို မြင်တွေ့နေရပါတယ်။ 

Share

Loading Next Article...
က္က