အာဆင်နယ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး အူဘာမီယန်းဟာ အာဆင်နယ်အသင်းအတွက် တိုက်စစ်မှူးအဖြစ် ကစားရတာ ပိုမိုနှစ်သက်ကြောင်း ပြောကြားခဲ့ပြီး တိုက်စစ်မှာ ၂ ဦးထားရှိတဲ့ကစားကွက်ကို နှစ်သက်ကြောင်း Sky Sports ကို ပြောကြားခဲ့ပါတယ်။
အူဘာမီယန်းဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက ဒေါ့မွန်အသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့အချိန်ကစပြီး အာဆင်နယ်အသင်းအတွက် ၃၇ ပွဲကစားပေးထားရာမှာ ၂၅ ဂိုးအထိ သွင်းယူပေးထားတဲ့တိုက်စစ်မှူးဖြစ်ပါတယ်။
အာဆင်နယ်အသင်းကို စတင်ရောက်ရှိလာတဲ့အချိန်ကတည်းက တိုက်စစ်တွဲဖော်ဖြစ်တဲ့ လာကာဇက်နဲ့ ကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နိုင်ခဲ့တဲ့ အူဘာမီယန်းက Renault Match Zone အစီအစဉ်မှာ ဂျေမီရက်ကနက်ကို ၎င်းအနေနဲ့ ရွေးချယ်ခံရတဲ့ဘယ်နေရာမှာမဆို ကစားမှာဖြစ်ပေမယ့် အထောင်တိုက်စစ်မှူးအဖြစ် ကစားရတာ ပိုမိုသက်တောင့်သက်သာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
“ကျွန်တော့်ရဲ့အနှစ်သက်ဆုံးနေရာကတော့ ရှေ့တန်းက တိုက်စစ်မှူးနေရာပါ။ ကျွန်တော် တောင်ပံမှာ ကစားရတာလည်း နှစ်သက်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့အကောင်းဆုံးနေရာကတော့ တိုက်စစ်မှူးပါ”
“ရှေ့တန်းမှာ နှစ်ယောက်ထားတဲ့ကစားကွက်ကို ကျွန်တော် နှစ်သက်ပါတယ်။ အဲဒါက ကောင်းမွန်ပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျား တခြားတိုက်စစ်မှူးတစ်ယောက်နဲ့ တွဲဖက်ပြီး တစ်စုံတခုကို လုပ်နိုင်တယ်လေ”
“တကယ်လို့ နည်းပြက ကျွန်တော့်ကို ဘယ် ဒါမှမဟုတ် ညာတောင်ပံမှာ ကစားဖို့ လိုအပ်မယ်ဆိုရင်တော့ အဲဒါက အရေးမပါပါဘူး။ ကျွန်တော် ကစားမှာပဲ။ ပြီးတော့ ကျွန်တော့်အသင်းအတွက် တိုက်ပွဲဝင်သွားမှာပါ။ အဲဒါက ပြဿနာမရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။