မန်ချက်စတာယူနိုက်တက်အသင်းဟာ စူပါစတားကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူဖို့ မလိုပါဘူးလို့ ယာယီနည်းပြ အိုလီဂန်နာဆိုးလ်ရှားက ပြောဆိုလိုက်ပါတယ်။
အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ဖို့အတွက် လာမယ့်နွေရာသီမှာ အသင်းကို ကစားသမားကောင်းတွေ ခေါ်ယူဖို့ မလိုဘူးလို့ ဆိုးလ်ရှားက ပြောဆိုခဲ့တာဖြစ်ကြောင်း ESPN က ဖော်ပြခဲ့ပါတယ်။ ဆိုးလ်ရှားက အသင်းအနေနဲ့ ကစားသမား ခေါ်ယူရာမှာ မှန်ကန်မှုရှိဖို့လိုပြီး အသင်းနဲ့ ကိုက်ညီတဲ့ ကစားသမားမျိုးသာ ဖြစ်ရမယ်လို့ သတိပေးစကားပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်ဟာ လီဗာပူးလ်၊ မန်စီးတီးတို့နောက် (၁၄)မှတ်ကွာဟနေပေမယ့် ကစားသမားကောင်းတွေကို ခေါ်ယူစရာမလိုဘူးလို့ ဆိုးလ်ရှားက ယူဆနေခဲ့ပါတယ်။ ဖူလ်ဟမ်နဲ့ ကစားရမယ့် ပွဲမတိုင်ခင်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားက အထက်ပါအတိုင်းပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
"ကျွန်တော်တို့အသင်းမှာ ကစားသမားကောင်းတွေ ရှိပြီးသားပါ၊ ဒီအတွက် ကစားသမားကောင်းတွေကို ထပ်မံဖြည့်တင်းဖို့မလိုပါဘူး၊ အသင်းက ကစားသမားတွေကို ကြည့်မယ်ဆိုရင် ငယ်ရွယ်နေသေးပြီး တိုးတက်လာဦးမယ့် ကစားသမားတွေ အများကြီးပါ၊ ဝယ်ယူလိုက်တဲ့ ကစားသမားက တစ်ယောက်ဆို ဆိုသလောက် မှန်ကန်ရမှာဖြစ်ပြီး အသင်းနဲ့ အံဝင်မယ့် ကစားသမားမျိုး ဖြစ်ရပါမယ်၊ ဒါပမယ့် အသင်းအတွက် အတွ့အကြုံရင့် ကစားသမားအချို့ ဆက်ရှိနေဖို့ လိုအပ်ပါတယ်"
"သူတို့ကအသင်းကို ပံ့ပိုးပေးနိုင်ပြီး ခေါင်းဆောင်နိုင်မ ှုပေးနိုင်သူတွေ ဖြစ်လာမှာပါ၊ ပေါ့ဂ်ဘာက အခုဆို (၂၅)နှစ်၊ လင်ဂတ်က (၂၆)နှစ်ပါ၊ သူတို့ရဲ့ အသက်အရွယ်အရ ကျွန်တော်တို့ အများကြီးမျှော်လင့်နိုင်ပါတယ်၊ ကစားသမားတစ်ယောက်ချင်းစီက နည်းနည်းချင်းစီသာ တိုးတက်မယ်ဆိုရင်တောင် ကျွန်တော်တို့ နာမည်ကျော်ကစားသမားတွေကို မလိုတော့ပါဘူး"
"ဒါဆိုရင် ဒီအသင်းက သေချာပေါက် အရာရာတိုင်းကို ယှဉ်ပြိုင်နိုင်စွမ်း ရှိလာမှာပါ" လို့ ဆိုးလ်ရှားက သူ့အမြင်ကို ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် ဆိုးလ်ရှားက ယူနိုက်တက်အနေနဲ့ မန်စီးတီး၊ လီဗာပူးလ်တို့နောက်မှာ အနည်းငယ်ပြတ်ကျန်ခဲ့တယ်ဆိုတာကိုလည်း ဝန်ခံသွားခဲ့ပြီး လာမယ့်ဘောလုံးရာသီမှာ အသင်းအနေနဲ့ ပိုပြီးတည်ငြိမ်မှုရှိဖို့ လိုအပ်တယ်လို့လည်း ပြောဆိုခဲ့ပါသေးတယ်။