အသင်းခြေစွမ်းအပေါ် ယုံကြည်နေခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ စပါးတို့ရဲ့ လန်ဒန်ဒါဘီပွဲကတော့ တစ်ဖက်နှစ်ဂိုးစီနဲ့ သရေပွဲသာဖြစ်ခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ စပါးအသင်းရဲ့ ဦးဆောင်ဂိုးတွေကို နောက်ကလိုက်ပြန်သွင်းခဲ့ရပြီး ဒုတိယပိုင်းမှာ အနိုင်ရရှိလောက်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပေမယ့်လည်း အမ်းမရိတ်စ်မှာ သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပြီး ခါးသီးပြိုင်ဘက်ကို အမှတ်ခွဲပေးခဲ့ရပါတယ်။

အာဆင်နယ်အနေနဲ့ သရေတစ်မှတ်သာရရှိခဲ့ပေမယ့်လည်း တစ်ပွဲလုံးခြေစွမ်းကို ခြုံငုံကြည့်မယ်ဆိုပါက ကျေနပ်ဖွယ်ရာခြေစွမ်းမျိုးကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ အမ်မရီရဲ့ အသင်းဟာ အော်ဘာမီယန်၊ လာကာဇက်၊ ပီပီတို့ရဲ့ တိုက်စစ်အတွဲအဖက်နဲ့အတူ ဆီဘယ်လော့စ်ရဲ့ အားကိုးရတဲ့ခြေစွမ်းကြောင့်လည်း တောင့်တင်းတဲ့အသင်းတစ်သင်းအနေအထားကို ရောက်ရှိနေပြီဖြစ်ပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်က အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ ငါးမှတ်အထိပြတ်တောက်နေခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ပရိသတ်တစ်ဦးကတော့ အသင်းခြေစွမ်းအပေါ်မှာ ကျေနပ်နေခဲ့ပြီး BBC ရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ BBC Radio 5 Live အစီအစဉ်ကို ဖုန်းဆက်သွယ်ခဲ့ပြီး ဒီရာသီမှာ အာဆင်နယ်က ပရီးမီးယားလိဂ်ဖလားရရှိလိမ့်မယ်လို့ ပြောဆိုသွားခဲ့ကြောင်း Give Me Sports က ဖော်ပြခဲ့ပါတယ်။




တွမ်လို့ အမည်ရတဲ့ ပရိသတ်က ဆက်သွယ်ပြောဆိုခဲ့တာဖြစ်ပြီးတော့ အာဆင်နယ်ကစားသမား ဒေးဗစ်လုဇ်က ဗန်ဒိုက်ထက်သာလွန်ပြီး ပီပီကလည်း မိုဟာမက်ဆာလာထက် ပိုမိုကောင်းမွန်ကာ မီဆွတ်အိုဇေးလ်ကလည်း ဒီဘရိုင်းထက် ကောင်းမွန်တယ်လို့ ပြောဆိုခဲ့ပြီး အဆိုပါအချက်တွေက အာဆင်နယ်ကို ပရီးမီးယားလိဂ်ဖလားရရှိစေမယ်လို့ ယူဆနေတာဖြစ်ပါတယ်။

အဆိုပါပရိသတ်ရဲ့ ပြောဆိုမှုအပေါ်မှာ အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်နေတဲ့ ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်ကွင်းလယ်လူဟောင်း ရော်ဘီဆားဗေ့ချ်က ဟက်ဟက်ပက်ပက်နဲ့ ရယ်မောနေခဲ့ပါတယ်။ အာဆင်နယ်ပရိသတ်ရဲ့ သူ့အသင်းအပေါ် ယုံကြည်မှုအပြည့်အဝရှိနေမှုကတော့ တကယ်ကို ချီးကျူးချင်စရာပါပဲ။

Share

Loading Next Article...
က္က