အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) ရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းအုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပေမယ့် မြန်မာအမျိုးသမီးအသင်းကတော့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ အမျိုးသားအသင်းက အုပ်စုတတိယနေရာသာ ရရှိခဲ့ပြီး ဗီယက်နမ်နဲ့ အင်ဒိုနီးရှားကို မကျော်နိုင်ခဲ့လို့ စောစောစီးစီးပဲ အိမ်ပြန်ခဲ့ရပါတယ်။
မြန်မာအမျိုးသမီးအသင်းကတော့ ထိုင်း၊ စင်ကာပူ၊ လာအိုတို့နဲ့ တအုပ်စုတည်းကျရောက်ခဲ့ရာမှာ အုပ်စုတွင်းရှုံးပွဲမရှိခဲ့ဘဲ ထိုင်းနဲ့ ၇မှတ်စီရမှတ်တူကာ ဂိုးကွာခြားချက်ကြောင့် ဒုတိယနေရာရခဲ့ပြီး နောက်တဆင့်ကို တက်ရောက်ခဲ့တာပါ။ အဖွင့်ပွဲမှာ လာအိုကို ၃-၀၊ ထိုင်းနဲ့ ၁-၁၊ စင်ကာပူကို နောက်ဆုံးပွဲမှာ ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ဆီမီးတက်ခွင့်လက်မှတ်ရရှိခဲ့ပါတယ်။
ဆီမီးဖိုင်နယ်မှာတော့ မြန်မာအသင်းဟာ တဖက်အုပ်စုက အုပ်စုပထမရ အိမ်ရှင်ဗီယက်နမ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဗီယက်နမ်ကတော့ ရွှေတံဆိပ်ရဖို့ ရေပန်းအစားဆုံးအသင်း၊ ခြေစွမ်းအကောင်းဆုံးအသင်း၊ အိမ်ရှင်းအသင်းဖြစ်နေလို့ မြန်မာအတွက်တော့ ရင်ဆိုင်ရခက်မယ့် အသင်းအဖြစ်ရှိနေခဲ့ပြီး တော်တော်လေးကိုအားထုတ်ကစားရမှာလည်းဖြစ်ပါတယ်။
မြန်မာအသင်းဟာ ပြီးခဲ့တဲ့ဆီးဂိမ်းပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒီနှစ်အတွက် ဆုတံဆိပ်ရရှိဖို့ကလည်း သေချာသလောက်ဖြစ်နေပြီး ဗိုလ်လုပွဲကိုတက်ရောက်နိုင်ဖို့တော့ ဗီယက်နမ်ကို ကျော်ဖြတ်နိုင်ဖို့လိုအပ်နေပြီဖြစ်ပါတယ်။ သူတို့နှစ်သင်းနောက်ဆုံးတွေ့ဆုံခဲ့တုန်းက တဖက်နှစ်ဂိုးစီနဲ့ သရေပွဲဖြစ်ခဲ့ပြီး ဒီတကြိမ်မှာတော့ ဘယ်အသင်းအနိုင်ရပြီး ဗိုလ်လုပွဲတက်မလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။