တောင်အာဖရိက အမျိုးသမီးလက်ရွေးစင်အသင်းရဲ့ ကစားသမား သမ်ဘီ ဂတ်လာနာက လက်ရှိ ကျင်းပနေတဲ့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း မိသားစုဝင် (၃) ယောက်ကို ဆုံးရှုံးလိုက်ရကြောင်း ဖွင့်ဟလာပါတယ်။ ဒါပေမယ့်လည်း ဂတ်လာနာက ခွင့်မပြန်ဘဲ အသင်းနဲ့သာ ဆက်လက်ပူးပေါင်းခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ တောင်အာဖရိကအမျိုးသမီးအသင်းက အုပ်စုနောက်ဆုံးပွဲမှာ တစ်မှတ်ရရှိရုံနဲ့ ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်တော့မှာဖြစ်ပါတယ်။ အီတလီကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိပြီး အခုလိုမျိုး အခြေအနေကောင်းသွားခဲ့တဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးကို ဂတ်လာနာက နာကျင်အချိန်ပိုမှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။
အဆိုပါပွဲအပြီးမှာ ဂတ်လာနာက “ကျွန်မတို့ ဝေဖန်ပြစ်တင်မှု အများကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒါက ဘောလုံးပါပဲ။ လွန်ခဲ့တဲ့ (၃) ပတ်လောက်က ကျွန်မရဲ့ မိသားစုဝင် သုံးယောက်ကို ဆုံးရှုံးလိုက်ရပါတယ်။ ကျွန်မ အိမ်ကို ပြန်သွားခွင့်ရရှိခဲ့ပေမယ့် အသင်းဖော်တွေနဲ့ပဲ ဆက်နေဖို့ ရွေးချယ်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
ဂတ်လာနာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်နေချိန်မှာ မိသားစုဝင်တွေကို ဆုံးရှုံးခဲ့ရတာဖြစ်ပြီး လက်ရွေးစင်အဖွဲ့ချုပ်ကလည်း အိမ်ပြန်ခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဂတ်လာနာကိုယ်တိုင်က ကမ္ဘာ့ဖလားအတွက် ဆက်လက်ပြင်ဆင်ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
အသက် (၂၇) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂတ်လာနာဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာလည်း ပြင်းထန်တဲ့ ခြေဖနောင့်အရွတ်စုတ်ပြဲ ဒဏ်ရာရရှိခဲ့ပြီး (၂၀၂၃) ခုနှစ် မေလမှာသာ ဘောလုံး ပြန်ကစားနိုင်ခဲ့တာပါ။ အခုချိန်မှာတော့ ဂတ်လာနာက အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်အာဖရိကအမျိုးသမီးအသင်းအတွက် သူရဲကောင်းတစ်ယောက်ဖြစ်နေခဲ့ပါပြီ။