သားဥအိမ်အရည်ကြည်အိတ်တည်တယ်ဆိုတာ အမျိုးသမီးတိုင်းလိုလိုမှာ ဖြစ်နိုင်တဲ့ ပြဿနာပါ။ သာမန်အရည်ကြည်အိတ်တည်တာမျိုးရှိနိုင်သလို၊ ကင်ဆာအဖြစ်ကို ကူးပြောင်းနိုင်တဲ့ အရည်ကြည်အိတ်မျိုးလည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ သားဥအိမ်အရည်ကြည်အိတ်ဖြစ်တယ်ဆိုတာ ဘာပါလဲ။ ဘယ်လိုအခြေအနေတွေက စိုးရိမ်စရာကောင်းပါသလဲ ဆိုတာ ဝေမျှပေးသွားမှာပါ။
Photo : Freepik
သားဥအိမ် အရည်ကြည်အိတ်ဆိုတာဘာလဲ
အမျိုးသမီးတိုင်းမှာ သားအိမ်တစ်ခု၊ ဘေးမှာ သားဥအိမ်နှစ်ခု ပါဝင်ကြပါတယ်။ အမျိုးသမီးတွေ အပျိုဖော်ဝင်စအချိန်ကစပြီး တစ်လကို တစ်ခါ သားဥကြွေကြပြီး အဲ့ဒီလို သားဥကြွေတဲ့အချိန်မှာ သားဥအိမ်ထဲမှာ ပါလာတဲ့ သားဥအလုံးအသေးလေးတွေကို ယူဆောင်ထားတဲ့ သားဥအိမ် အိတ်အသေးလေးတွေက တဖြည်းဖြည်းကြီးလာပြီးတော့ နှစ်စင်တီမီတာလောက်ရောက်သွားတဲ့ အချိန်မှာ အထဲက ဥလေးကို ထုတ်လိုက်တာဖြစ်ပါတယ်။ ထုတ်ပြီးသွားတာနဲ့ အဲဒီဥက အိမ်ထောင်ရှိတဲ့သူတွေဆိုရင် အမျိုးသားရဲ့ သုတ်ပိုးနဲ့ တွေ့ပြီးတော့မှ သန္ဓေသား လောင်းလေးဖြစ်သွားပါတယ်။ တကယ်လို့ အိမ်ထောင်မရှိတဲ့သူတွေကျတော့ သားဥလေးက သူ့ဟာသူ တဖြည်းဖြည်းပျောက်ကွယ်သွားပါတယ်။
တကယ်လို့ ဥမကြွေခဲ့ဘူးဆိုရင်တော့ အဲဒီ သားဥအိမ်အရည်ကြည်အိတ်က အများဆုံး ၅ စင်တီမီတာ လောက်ထိ ရှိနေနိုင်ပါတယ်။ ဒါက သဘာဝအတိုင်းဖြစ်နိုင်တဲ့ အရည်ကြည်အိတ်ပါ။ နောက်တစ်ခုကကျတော့ ဥကြွေသွားပြီးတော့မှ အခွံကြီးကျန်နေတာပါ။ အခွံက ပုံမှန်ဆို တဖြည်းဖြည်းပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် အဲဒီအခွံက မပျောက်ဘဲနဲ့ အရည်ကြည်တွေနဲ့ တွဲပြီးတော့မှ နည်းနည်းကြီးလာတဲ့အခါမှာလည်း အရည်ကြည်အိတ်ဖြစ်နိုင်ပါတယ်။ ဒါကိုတော့ Corpus luteum Cyst လို့ ခေါ်ပါတယ်။
Photo : Freepik
သားဥအိမ်အရည်ကြည်အိတ် အမျိုးအစားများ
- ဆံချည်မျှင်တွေ ၊ အရိုးတွေ ၊ သွား တွေ ၊ မြေစေးလို အဖတ်တွေ အဲဒီလို အမှိုက်သရိုက်တွေပါတဲ့ အရည်ကြည်အိတ်မျိုးကို Dermoid Cyst လို့ ခေါ်ပါတယ်။
- နောက်တစ်ခုက အနည်အဖတ်တွေ ၊ ချွဲတွေပါရင်တော့ ကင်ဆာလိုမျိုး အရိပ်အယောင်ရှိတဲ့လက္ခဏာတွေပါ။
- ပုံမှန်အမျိုးသမီးတိုင်း တစ်လတစ်ခါ သားဥကြွေတတ်ပေမယ့် တချို့ မကြွေတဲ့သူတွေမှာ သားဥလေးတွေ တဖြည်းဖြည်း စုစုပြီး သားဥအိမ်တစ်ခုမှာ ၁၂ ခုထက် ကျော်သွားရင် သားဥအိမ်အရည်ကြည်အိတ်သေးသေးပိစိလေးတွေ အများကြီးဖြစ်နေတာကို Polycystic Ovary Syndrome( PCOS) လို့ ခေါ်ပါတယ်။ ဒီလိုဖြစ်တတ်တဲ့အမျိုးသမီးတွေမှာတော့ ရာသီသွေးပုံမှန်မလာတော့ဘဲ အဝလွန်လာတာ၊ ဝက်ခြံတွေထွက်လာတာ၊ အမွှေးအမျှင်လေးတွေ ထူလာတာမျိုး ဖြစ်တတ်ပါတယ်။
အန္တရာယ်ရှိတဲ့ အရည်ကြည်အိတ် ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ
Ultrasound ရိုက်တဲ့အခါ ဒီအထဲမှာ အရည်ချည်းပဲ ပါတာလား၊ အဖတ်တွေအနှစ်တွေ ပါနေတာလား ဆိုတာ သိနိုင်ပါတယ်။ အဲဒီတော့ ဗိုက်အောင့်တယ်၊ ဗိုက်နာတယ် ဆိုရင် Ultrasound စောစောစီးစီးရိုက်သင့်ပါတယ်။
သားဥအိမ်အရည်ကြည်အိတ်တည်ခြင်းကို ကုသနိုင်တဲ့နည်းလမ်းတွေ
အရည်ကြည်အိတ်ရှိတဲ့ အမျိုးသမီးရဲ့ အသက်အရွယ်၊ အိမ်ထောင်ရှိ/မရှိ ၊အရည်ကြည်အိတ်အရွယ်အစား၊ အရည်ကြည်အိတ်မှာ ရိုးရိုးသဘာဝအတိုင်းဖြစ်တဲ့ဟာလား၊ chocolate cysts လို အနှစ်တွေလား ဒါတွေကို ဆန်းစစ်ရပါမယ်။ ။ ရိုးရိုးအရည်ကြည်အိတ်ဆိုပါနောက်ဆက်တွဲ အခြေအနေကိုစောင့် ကြည့်ထားရပါမယ်။ chocolate cysts လို ဟာမျိုး ချောကလက်အရည်ကြည်အိတ်ကြီးတွေ ၊ အနှစ်တွေ ရှိနေတယ်ဆိုရင် နာကျင်တာမျိုး ခံစားရနိုင်တာကြောင့် ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
သားဥအိမ်ကင်ဆာလို့ လက္ခဏာပြနေရင်တော့ ကင်ဆာဆိုတာ သိတာနဲ့ အဆင့်စောနေတယ်ဆိုရင် အမြန်ဆုံး ခွဲထုတ်လို့ရရင် ခွဲထုတ်သင့်ပါတယ်။ chocolate cysts လို သားဥအိမ်အရည်ကြည်အိတ်ကို မကုသခဲ့ပါက ကလေးရနိုင်ဖို့အတွက် အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ ကြီးလာရင် တစ်ချိန်ကျရင် ကလေးရမှုမှာ အနှောင့်အယှက်ပေးပါတယ်။
သားဥအိမ်အရည်ကြည်အိတ်တည်တာကို သိနိုင်တဲ့လက္ခဏာများ
များသောအားဖြင့် လက္ခဏာ သိပ်မပြတတ်ပါဘူး။ အရွယ်နည်းနည်းကြီးလာရင် နာတာ၊ တစ်ချက်တစ်ချက် အောင့်တာဖြစ်တတ်ပါတယ်။ရာသီစက်ဝန်းမမှန်တာမျိုး ဖြစ်တတ်ပါတယ်။ သားအိမ်ထဲက ဆဲလ်လေးတွေကသားအိမ်ရဲ့ အပြင်ဘက်ကို ရောက်ပြီး သားဥအိမ်မှာ လာရောက် စုပြုံပြီးတော သွေးပေါ်တဲ့အချိန်ကျရင် အဲဒီမှာ သားဥအိမ်မှာ သွေးတွေ ထွက်ပြီး နာတာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုနာလာရင်တော့ Pain Shock ရနိုင်တယ်ဆိုတာ သတိထားရပါမယ်။ နောက်ပြီး ဗိုက်ထဲမှာ တင်းလာတာ၊ ကယ်လာတာ ဖြစ်တတ်တယ်။ သားဥအိမ်က ကင်ဆာလိုမျိုး သားဥအိမ်အရည်ကြည်အိတ်ဖြစ်လာပြီဆိုရင်တော့ ဗိုက်ထဲမှာ နည်းနည်း တင်းလာသလို ခံစားရတယ်၊ အစာမကြေလေအောင့်သလို ဗိုက်ကြီးပွနေတယ်။ နေလို့မကောင်းဘူး။ ဗိုက်တင်းလာတယ်ပေါ့နော်။ဒီလို လက္ခဏာတွေ ပြလာရင်တော့ ပုံမှန်အခြေအနေမဟုတ်တော့ပါဘူး။
Photo : Freepik
ဘယ်လိုကာကွယ်မလဲ
မိန်းကလေးတွေအနေနဲ့ မိမိရာသီလာတဲ့ ရာသီစက်ဝိုင်းကို သတိထားကြည့်ပါ။ ကိုယ်က အနေအထားတွေ မမှန်ဘူး၊ဖောက်ပြန်လာတဲ့ ဟာမျိုးတွေ ဖြစ်ရင် အနည်းဆုံးတော့ Ultrasound ရိုက်ကြည့်ပါ။ Ultrasound ရိုက်ကြည့်လိုက်ခြင်းအားဖြင့် သားဥအိမ်မှာ အရည်ကြည်အိတ်ရှိနေလား၊ မရှိနေလား ဆိုတာကို စောစောစီးစီးသိနိုင်ပါတယ်။ Ultrasound ရိုက်ပြီး ရလာတဲ့ဆေးစစ်ချက်ပေါ်မူတည်ပြီး ကျွမ်းကျင်ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူသင့်တာဖြစ်ပါတယ်။
ဖော်ပြပါသတင်းဆောင်းပါးပါအချက်အလက်များသည် ပန်းလှိုင်ဆေးရုံကြီးမှ သားဖွားနဲ့မီးယပ်အထူးကုဆရာဝန်ကြီးဒေါက်တာခိုင်မြတ်မင်းမှ ဆွေးနွေးအကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။