ဒီနေ့တော့ မဒီတို့ကို တစ်ခေတ်တစ်ခါက အရမ်းကို အောင်မြင်ကျော်ကြားပြီး သတ္တိရော အရည်အချင်းနဲ့ပါ ပြည့်စုံလွန်းတဲ့ စာရေးဆရာမတစ်ဦးအကြောင်း ပြောပြပေးချင်ပါတယ်။ ဒီနေ့ခေတ်အထိလည်း စာပေကို ချစ်မြတ်နိုးကြသူတွေ တသသဖြစ်နေကြတုန်း စာရေးဆရာမတစ်ဦးဖြစ်တဲ့ ဂျာနယ်ကျော် မမလေး အကြောင်းပါ။
ငယ်စဥ်ကတည်းက စာပေဝါသနာပါသူ
ဂျာနယ်ကျော် မမလေး ကို ၁၉၁၇ ဧပြီလ ၁၃ ရက်နေ့က ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ကမာကလူ ရွာမှာ မွေးဖွားခဲ့တာဖြစ်ပြီး အမည်ရင်းကတော့ မတင်လှိုင်ဖြစ်ပါတယ်။ အဖ ဦးပျားချို(ဒေါ်ဆင်ဘဏ်မန်နေဂျာ)၊ အမိ ဒေါ်ကွီ တို့ရဲ့ စတုတ္ထမြောက်သမီးပါ။ ရန်ကုန်မြို့မကျောင်းမှာ နဝမတန်းထိ ပညာသင်ခဲ့ပါတယ်။ ဘိုကလေး တို့ဗမာ အစည်းအရုံးမှာ အမျိုးသမီး အတွင်းရေးမှူး အဖြစ်လုပ်ကိုင်ခဲ့ပြီး တက်ခေတ်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တစ်နှစ်တာ ထမ်းဆောင်ခဲ့သူပါ။ မြစ်ဝကျွန်းပေါ်မှာလည်း တို့ဗမာ ခေါင်းဆောင်တွေနဲ့ နယ်လှည့် ဟောပြောခဲ့ပါတယ်။
realpowermedia.net/
ဂျာနယ်ကျော်မမလေး ဖြစ်ပေါ်လာပုံ
ခင်ပွန်းသည်ဖြစ်လာမယ့် ဦးချစ်မောင် အယ်ဒီတာချုပ်အဖြစ် အလုပ်လုပ်တဲ့ မြန်မာ့အလင်း သတင်းစာတိုက်ကို ပုဂ္ဂိုလ်ရေး ပစ်စာတစ်စောင်ကို တုံ့ပြန်ဆောင်းပါးရေးရာကနေ စာပေနယ်ထဲကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့လည်း ထိုစာမှတစ်ဆင့် နဖူးစာရွာလယ်သလို ရင်းနှီးကျွမ်းဝင်သွားတာဖြစ်ပါတယ်။ "အမျိုးသမီးများ 'ဏကြီးသတ်' ဉာဏ် ရှိကြရန်" (မြန်မာ့အလင်း၊ ၁၉၃၆ - ၃၇) ဟာ ပထမပုံနှိပ်ဆောင်းပါး ဖြစ်ပြီး ပထမ ပုံနှိပ်ဝတ္ထုကတော့ "မသိရလေခြင်း" [ဂျာနယ်ကျော်၊ ၃၁ - ၅ - ၁၉၄၁] ဆိုတဲ့ စာအုပ်ပဲဖြစ်ပါတယ်။ ဂျာနယ်ကျော်မမလေးရဲ့ ကလောင်ခွဲတွေကတော့ ရဝေလှိုင်၊ လှတခိုင်၊ ဘိုကလေး မတင်လှိုင် တို့ပဲဖြစ်ကြပါတယ်။
ထင်ရှားသော စာအုပ်များ
ဂျာနယ်ကျော် မမလေးရဲ့ ထင်ရှားတဲ့ စာအုပ်တွေကတော့ သူမ (၁၉၄၅)၊ သူလိုလူ (၁၉၄၇)၊ သူလိုမိန်းမ (၁၉၄၈)၊ ရှုမငြီး (၁၉၄၈)၊ စိတ် (၁၉၅၁)၊ ကမ္ဘာမြေဝယ် (၁၉၅၂)၊ မုန်း၍မဟူ (၁၉၅၅)၊ တွေးတစိမ့်စိမ့် (၁၉၆၃) [လှတမျက်နှာ - ၁၉၆၉]၊ ရင်နင့်အောင်မွှေး (၁၉၆၇)၊ ရင်မှတရှိုက် (၁၉၇၉)၊ သွေး (၁၉၇၃)၊ ဂျာနယ်ကျော် မမလေး၏ ဘဝ ပုံရိပ်များ (၂ဝဝ၂) တို့ဖြစ်ပါတယ်။ မြက်ကလေးတပင် (ဂျာမန် - ၁၉၆၈)၊ တွေးတစိမ့်စိမ့် (ရုရှ - ၁၉၈၄)၊ သွေး (ဂျပန် - ၁၉၇၇)၊ မုဆိုးမ (အင်္ဂလိပ်)၊ မုန်း၍မဟူ (ရုရှ၊ ဥဇဘက်၊ ပြင်သစ်၊ တရုတ်) စတဲ့ စာအုပ်တွေကတော့ ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။
mashwemi.wordpress.com/
စာပေဆုများရရှိခဲ့သူ
မုန်း၍မဟူ စာအုပ်နဲ့ ၁၉၅၅ ခုနှစ် စာပေဗိမာန်ဆုကို ရရှိခဲ့သလို တွေးတစိမ့်စိမ့် စာအုပ်နဲ့လည်း ၁၉၆၃ ခု အနုပညာ စာပေဆု ဝတ္ထုတို ပေါင်းချုပ် တတိယဆု ရရှိ ခဲ့ပါတယ်။
စာပေတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သူ
စာပေနဲ့ ပတ်သက်ပြီး တာဝန်အလွန်ကျေပွန်ခဲ့တဲ့ သူလို့ ပြောရမှာပါ။ ၁၉၃၉ ခုနှစ်မှာ ဂျာနယ်ကျော် နဲ့ ပြည်သူ့ဟစ်တိုင် သတင်းစာတို့ကို ထုတ်ဝေခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်မှာတော့ အမျိုးသမီးကလောင်ရှင် အသင်း ဒုတိယဉက္ကဌ နဲ့ ကလောင်ရှင် မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌ ၁၉၅၅ ခုနှစ်မှာ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် မြန်မာနိုင်ငံ ဒုတိယ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့ပြီး ၁၉၆၁ ခုနှစ်မှာ မြန်မာနိုင်ငံ စာရေးဆရာ စာပေကလပ် အတွင်းရေးမှူးချုပ် စတဲ့ တာဝန်ထမ်းဆောင်ခဲ့သူတစ်ယောက်ပါ။
ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ
ဒီလို စာပေတွေ အမြောက်အများ ရေးသားသလို စာပေတာဝန်တွေလည်း ကျရာတာဝန်တွေကို ထမ်းဆောင်သူတစ်ယောက်အတွက် အခက်အခဲတွေကလည်း များပြားလွန်းခဲ့ပါတယ်။ သားသမီး သုံးဦးနဲ့ မုဆိုးမ ဘဝကို ရုန်းကန်နေရချိန်မှာ ပြည်သူ့ဟစ်တိုင် သတင်းစာတိုက်ကို ဆိုရှယ်လစ် ပါတီဝင်တွေက လာရောက်ဖျက်ဆီးတာတွေလည်း ကြုံခဲ့ရသလို စီးပွားရေး လုပ်ကိုင်ရာမှာလည်း အခက်အခဲ အမျိုးမျိုး ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့အပြင် ၁၉၆၂ နောက်ပိုင်း ဗိုလ်လက်ျာ ထွက်ပြေးရာမှာ ကူညီခဲ့လို့ ရေကြည်အိုင် အကျဉ်းစခန်းမှာ ၃ နှစ်ခန့် ထိန်းသိမ်းခံရပါတယ်။ အထိန်းသိမ်းခံရစဉ်မှာပဲ ရင်နင့်အောင်မွှေး ဝတ္ထုကို အကျဉ်းစခန်းမှာ ရေးသားခဲ့တာပါ။ ၁၉၇ဝ ကျော်မှာတော့ ဂျပန် မြန်မာ ချစ်ကြည်ရေး သွေး ဝတ္ထုကို ရေးသားလို့ဆိုပြီး ဖက်ဆစ်ကို သင်ပုန်းချေဖို့ အားပေးတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်ဝဲစာရေးဆရာ တချို့ ဝေဖန်တာကို ခံခဲ့ရပါသေးတယ်။
data.bitmyanmar.info
ဂျာနယ်ကျော်မမလေးရဲ့ အိမ်ထောင်ရေး
စာပေလောကထဲကို ဝင်ရောက်စေခဲ့တဲ့ မြန်မာ့အလင်း သတင်းစာတိုက် အယ်ဒီတာချုပ် ဦးချစ်မောင်နဲ့ စာအပြန်အလှန်ရေးသားကာ ချစ်ကျွမ်းဝင်ခဲ့ပြီး ၁၉၃၈ ခုနှစ်မှာ လက်ထပ်ထိမ်းမြားခဲ့တာဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ နဲ့ သူမရဲ့ ဘဝဖြစ်စဉ်အကြောင်းကို ရေးသားထားတဲ့ သူလိုလူစာအုပ်ဟာလည်း အရမ်းကို ထင်ရှားကျော်ကြားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဦးချစ်မောင်နဲ့ သားနှစ်ဦး ၊ သမီးတစ်ဦး ထွန်းကားခဲ့ကာ ၉၄၆ ခု ဧပြီလ ၃ ရက်နေ့မှာ ခင်ပွန်းဖြစ်သူ ဦးချစ်မောင် ကွယ်လွန်သွားခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်မှာတော့ ကျောင်းသားနိုင်ငံရေး လှုပ်ရှားသူ ဦးအောင်ဇေယျနဲ့ လက်ထပ်ခဲ့ပါတယ်။
စာပေပညာရှင်၊ စီးပွားရေးပညာရှင်နဲ့ တိုင်းရင်းဆေးပညာရှင်
ဂျာနယ်ကျော်မမလေးဟာ စာပေတစ်ခုတည်းမှာတင် ထူးချွန်ပြောင်မြောက်သူမဟုတ်ပါ။ စီးပွားရေးနဲ့ တိုင်းရင်းဆေးပညာမှာလည်း ထူးချွန်သူဖြစ်ပါတယ်။ စာပေနဲ့ ပတ်သက်တဲ့ စာပေထုတ်လုပ်ရေးစီးပွားလုပ်ငန်းတွေလည်း လုပ်ကိုင်ခဲ့သလို တိုင်းရင်းဆေးပညာရှင် အဖြစ်လည်း ထင်ရှားကျော်ကြားခဲ့ပါသေးတယ်။ ၁၉၆၂ ခုနှစ်မှာ ဆေးပညာ ဆောင်းပါးများ ကို ရေးသားခဲ့ပြီး ၁၉၆၇ ခုနှစ်မှာတော့ မြန်မာ့ ဆေးပညာ ကို ပြုစု ခဲ့တယ်လို့ သိရပါတယ်။
mashwemi.files.wordpress.com
အမျိုးသမီးတွေစံထားရလောက်တဲ့ အမျိုးသမီး
ဂျာနယ်ကျော်မမလေးဟာ အမျိုးသမီးတွေ စံထားရတဲ့ အမျိုးသမီးတွေထဲက တစ်ဦးဖြစ်ပါတယ်။ နိုင်ငံရေးကိုလည်း အားတက်သရော ပါဝင်လှုပ်ရှားသလို စာပေအရေးမှာလည်း မလစ်ဟင်းစေရတဲ့အပြင် မိသားစုအရေးမှာလည်း တကယ်ကို တာဝန်ကျေပွန်တဲ့ အမျိုးသမီးဖြစ်ပါတယ်။ သူမရဲ့ စာအုပ်တွေဟာ အထူးသဖြင့် အမျိုးသမီးလေးတွေကို စိတ်ဓာတ်ခွန်အားပေးသလို လမ်းမှန်ကို ညွှန်ပြပေးနိုင်ခဲ့တဲ့ စာအုပ်ကောင်းတွေဖြစ်ပါတယ်။ လူငယ်လူရွယ်တွေ ဖတ်သင့်တဲ့ စာအုပ်တွေထဲမှာ သူမရဲ့ စာအုပ်အများအပြားပါဝင်ပါတယ်။ ဂျာနယ်ကျော်မမလေးရဲ့ စာအုပ်တွေကတစ်ဆင့် ဘဝကို ဘယ်လိုဖြတ်သန်းရမလဲ၊ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ရမလဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လို တန်ဖိုးထားရမလဲဆိုတာတွေကို သိမြင်သွားစေနိုင်ပါတယ်။
ဒီလို လူတွေကို ရသသုတအစုံအလင် ပေးစွမ်းနိုင်ခဲ့တဲ့ ထူးချွန်ထက်မြက်သူ စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေးဟာ ၁၉၈၂ ခုနှစ် ဧပြီလ ၆ ရက် အင်္ဂါနေ့ နံနက် ၆:၃ဝမှာ ရန်ကုန်မြို့ ပြည်သာယာလမ်းဘောက်ထော်ရှိ သူမရဲ့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။