ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းထဲက မြသဇင်လက်ဖက်ရည်ဆိုင်လေးကတော့ ရန်ကုန်မြို့ရဲ့ မူလလက်ဟောင်း လက်ဖက်ရည်ဆိုင်တစ်ခုဖြစ်ပါတယ်။ ဒီလက်ဖက်ရည်ဆိုင်ကတော့ နှစ်ပေါင်း ၅၀ နီးပါးရှိနေပြီး လက်ဖက်ရည်ဆိုင်ရဲ့ ပုံစံလေးကို ယခင်ခေတ်ပုံစံအတိုင်း မူလလက်ရာမပျက်ဘဲ တွေ့နေရတာကိုက ထူးခြားမှုတစ်ခုပါ။ ဒီဆိုင်လေးရဲ့ ပဲ့ကိုင်ရှင် စားသုံးသူအများစုက အန်တီမြလို့ ခေါ်ကြတဲ့ ဒေါ်မြမြဝင်းက ဒီဆိုင်လေးပေါ်ချစ်တဲ့စိတ် ၊ စားသုံးသူတွေအပေါ်ထားတဲ့ စေတနာတွေကို အခုလိုမြင်တွေ့ခွင့်ရခဲ့ပါတယ်။
မြသဇင်လက်ဖက်ရည်ဆိုင်လေးရဲ့ အစ
ဒီဆိုင်လေးကတော့ ၁၉၇၆ ခုနှစ်က စတင်ဖွင့်လှစ်လာတာဖြစ်ပြီး အခုဆို နှစ်ပေါင်း (၄၇) နှစ်ရှိပြီဖြစ်ပါတယ်။ နိုင်ငံရေးသမားဟောင်းကြီးတစ်ဦးဖြစ်သူ ဖခင်ဖြစ်သူက စတင်ဖွင့်လှစ်လာတာဖြစ်ပြီး အဲဒီအချိန်တုန်းကတော့ လက်ဖက်ရည်နဲ့ မုန့်ကို အဓိက ထားရောင်းတယ်လို့ ဆိုပါတယ်။နောက်တော့ သမီးဖြစ်သူ ဒေါ်မြမြဝင်းက လက်ဆင့်ကမ်းအမွေယူခဲ့ပြီး အခုချိန်ထိတိုင်အောင် မြသဇင်လက်ဖက်ရည်ဆိုင်ရယ်လို့ လူကြိုက်များနေဆဲပဲဖြစ်ပါတယ်။
“ အဖေက စဖွင့်ခဲ့တာပေါ့။ အဖေက အဲဒီခေတ်တုန်းကလက်ဖက်ရည်နဲ့ မုန့်ကို အဓိကထားရောင်းတာပေါ့နော်။ တစ်ခွက်ကို တစ်ကျပ်၊ ပြား ၉၀ နဲ့စရောင်းခဲ့တယ်။ ဒီဆိုင်လေးက အဲဒီခေတ်တုန်းက နိုင်ငံရေးသမားတွေ၊ စာနယ်ဇင်သမားတွေ၊ စာရေးဆရာတွေနဲ့ အနုပညာရှင်တွေ ဆုံစည်းရာ နေရာလေးပေါ့” လို့ ဆိုပါတယ်။
နှစ် ၅၀ နီးပါးအထိ ဒီဆိုင်လေးကို ဦးစီးနေသူ အန်တီမြ
ဖခင်ရဲ့ အမွေဖြစ်တာကြောင့်အပြင် စားသုံးသူတွေကို ချစ်တဲ့စိတ်၊ ဒီဆိုင်လေးအပေါ် သံယောဇဉ်ရှိတဲ့စိတ်ကြောင့် ဒေါ်မြမြဝင်း ဟာ အသက် (၇၅) နှစ်တိုင် ဒီဆိုင်လေးကို ဦးစီးလုပ်ကိုင်နေဆဲဖြစ်ပါတယ်။ အသက် (၃၂) နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာြဖစ်ပြီး အချိန်တွေဘယ်လိုပြောင်းပြောင်း အန်တီမြကို ဒီဆိုင်လေးမှာ အမြဲတွေ့ရတတ်ပါတယ်။
“ အန်တီက ဒီဆိုင်လေးအပေါ် အရမ်းသံယောဇဉ်ရှိတာ၊ သားသမီးတွေက ဆိုင်လေးပိတ်ပြီး နားနားနေနေပါဆိုတာတောင် အန်တီက မနေနိုင်ဘူး။ ဒီအလုပ်လုပ်ရရင် မနေနိုင်ဘူး။ အလုပ်လေးလုပ်နေရတော့ ကျန်းမာရေးကောင်းတယ်လေ။ လမ်းလျှောက်နေရတော့ ဆီးချို သွေးချို မဖြစ်ဘူး။ အသက် က ၇၅ နှစ်ရှိ ပြီ။ မနက်မိုးလင်း ၅ နာရီခွဲ အိပ်ရာထ ဆိုင်ခင်း၊ ဈေးသွားလိုအပ်တာလေးတွေ ဝယ်ပြီး ဆိုင်စရောင်းပေါ့။ အဲလိုမျိုးလေးနေရတာကို အန်တီပျော်တယ်။ ” လို့ ဆိုပါတယ်။
မြန်မာမုန့်လေးတွေ နာမည်ကြီးတဲ့ လက်ဖက်ရည်ဆိုင်လေး
ဒီဆိုင်လေးရဲ့ နာမည်အကြီးဆုံးမုန့်ကတော့ ပူတင်းနဲ့ မြန်မာမုန့်မျိုးစုံဖြစ်ပါတယ်။ စားသုံးသူတွေကတော့ မြသဇင်လက်ဖက်ရည်ဆိုင်က ပူတင်းက ဘယ်ဆိုင်နဲ့မှအရသာမတူဘူးလို့ မှတ်ချက်ပြုကြပါတယ်။
“ပူတင်း၊ဆနွင်းမကင်းနဲ့ ငှက်ပျောရွှေကြည် က ဒီဆိုင်မှာလူကြိုက်များတယ်။ နန်းကြီးသုပ်လည်း ကြိုက်ကြတယ်။ ဒီမုန့်လုပ်တဲ့ နည်းတွေကိုတော့ အန်တီရဲ့ အမေက သင်ပေးခဲ့တာပေါ့။ ပူတင်းဆိုလည်း နွားနို့ရယ်၊ ကြက်ဥရယ်ကို အဓိကထားသုံးတယ်။ ဂျုံလုံးဝမသုံးတော့ ပွပွကြီး မဖြစ်နေဘူး။အရည်အသွေးကို အမြဲတမ်းအကောင်းဆုံးလုပ်တယ်။ လက်ဖက်ရည်ဆိုင်လည်း စဖွင့်တုန်းက လက်ရာအတိုင်းပဲ ။ နှပ်ဖျော်ကို ဘူးနို့ဆီသုံးပြီးပဲ ဖျော်တယ် ” လို့ ဆိုပါတယ်။
စိတ်ချမ်းသာမှုကိုသာဦးစားပေးတဲ့ဆိုင်လေး
မလှူတတ်ရင်ဈေးရောင်းဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားတဲ့ အန်တီမြက ဒီဆိုင်လေးကို သူ့ရဲ့စိတ်ချမ်းသာမှုနဲ့ စားသုံးသူတွေရဲ့ စိတ်ချမ်းသာမှုကိုအသာ အဓိက ထားတယ်လို့ ဆိုပါတယ်။ အမြတ်ငွေကို ပဓာနမထားဘဲ စားသုံးသူတွေ အဆင်ပြေနေရင်ကို ကျေနပ်နေရတယ်လို့ ဆိုပါတယ်။
“ ကာစတန်မာတွေဆို အန်တီ့ကိုသိနေကြပါပြီ။ အကုန်လုံးက ချစ်ခင်ကြတယ်။ အန်တီကလည်း နေ့ခင်းဆို ထမင်းဟင်းရောင်းတယ်။ ဟင်းတွေကလည်း ကိုယ့်အိမ်မှာချက်စားသလိုပဲ ချက်တာပေါ့နော်။ အမြတ်ကို အဓိကမထားဘူး။ ကိုယ့်စိတ်ချမ်းသာမှုနဲ့ လာစားတဲ့သူတွေစိတ်ချမ်းသာမှုကိုသာ အဓိကထားတာပါ” လို့ ဆိုပါတယ်။
မြသဇင်လက်ဖက်ရည်ဆိုင်လေးကတော့
ဒီဆိုင်လေးကတော့ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်း (အထက်)၊ မြေညီထပ် ၊ အမှတ် (၂၇၀/ C) ဖြစ်ပြီး ဆိုင်ဖွင့်ချိန်က မနက် ၇ နာရီမှ ညနေ ၆ နာရီခန့်ထိဖြစ်ပါတယ်။ ဒါကြောင့်မို့ မြို့ထဲဘက်ရောက်လို့ မြသဇင်လက်ဖက်ရည်ဆိုင် ထိုင်ချင်သူတွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်။
Share