ယူနိုက်တက်ဟာ အေဂျက်စ်ကို ကိုင်တွယ်လျက်ရှိတဲ့ နယ်သာလန်လူမျိုးနည်းပြ အဲရစ်တန်ဟက်ခ်ကို ရာသီသစ်အတွက် ခန့်အပ်နိုင်ခဲ့ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ ဒီသတင်းကို အေဂျက်စ်ကလည်း အတည်ပြုခဲ့ပြီး အဲရစ်တန်ဟက်ခ်ဟာ ယူနိုက်တက်နဲ့ (၃) နှစ် သက်တမ်းရှိ စာချုပ်တရပ်ကို ချုပ်ဆိုသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် နောက်ထပ်တနှစ် သက်တမ်းတိုးခွင့်လည်း ပါရှိပါသေးတယ်။ (၂၀၁၃) မှာ ဖာဂူဆန် ယူနိုက်တက်ကနေ အနားယူသွားပြီးနောက်ပိုင်း အဲရစ်တန်ဟက်ခ်ဟာ ယူနိုက်တက်ရဲ့ (၅) ယောက်မြောက် အမြဲတမ်းနည်းပြလည်းဖြစ်လာခဲ့ပါတယ်။ ယူနိုက်တက်ဟာ အေဂျက်စ်ကို အဲရစ်တန်ဟက်ခ်အတွက် စာချုပ်လျော်ကြေး ပေးချေစရာ မလိုခဲ့ဘူးလို့လည်း သိရှိရပါတယ်။
အဲရစ်တန်ဟက်ခ်ဟာ အေဂျက်စ်နည်းပြဘဝ နောက်ဆုံးပွဲအဖြစ် လာမယ့် မေ (၁၅) မှာ ကစားမယ့် ဗွီတက်ဆီနဲ့ပွဲကို ကိုင်တွယ်သွားမှာဖြစ်ပြီး အဲ့ဒီပွဲအပြီးမှာတော့ ယူနိုက်တက်နည်းပြဖြစ်လာတော့မှာပါ။ ယူနိုက်တက်ဟာ အဲရစ်တန်ဟက်ခ် စိတ်ကြိုက် နည်းပြအဖွဲ့ကို ဖွဲ့စည်းတည်ဆောက်ပေးမှာဖြစ်ပြီး အဲရစ်တန်ဟက်ခ်ကလည်း အေဂျက်စ်ကနေ သူ့ရဲ့လက်ထောက် ဗန်ဒါဂတ်ကို ခေါ်ယူလာမှာဖြစ်ပါတယ်။
ဒါ့အပြင် ယူနိုက်တက်အသိုင်းအဝိုင်းရှိနှင့်ပြီးဖြစ်တဲ့ ကစားသမားဟောင်းတယောက်ကိုလည်း နည်းပြအဖွဲ့ထဲ ထည့်သွင်းထားဖို့ ပြင်ဆင်နေပါတယ်။ အဲရစ်တန်ဟက်ခ်နဲ့ပတ်သက်တဲ့ သတင်းကို တရားဝင်မကြေညာခင် မနေ့ကတုန်းက အသင်းရဲ့အဓိကအရေးပါတဲ့ ကင်းထောက်နှစ်ယောက်နဲ့ လမ်းခွဲကြောင်း ယူနိုက်တက်က ကြေညာထားပါတယ်။
ယူနိုက်တက်မှာ အတိုင်ပင်ခံအဖြစ် ဆက်ရှိမယ့် ရန်းနစ်ဂ်ကလည်း ယူနိုက်တက်အနေနဲ့ ကစားသမား (၁၀) ယောက်လောက်အထိ ခေါ်ယူရမယ်လို့ ပြောကြားထားပါတယ်။ အဲ့ဒါကြောင့်လည်း လာမယ့်နွေရာသီမှာ ယူနိုက်တက်က အဲရစ်တန်ဟက်ခ်နဲ့အတူ ကစားသမားပိုင်းမှာပါ ကြီးမားတဲ့ အပြောင်းအလဲတွေကို ဆက်တိုက်မြင်တွေ့ရဖို့ရှိနေပါတယ်။