အသက် ၂၈ နှစ်အရွယ် ပြင်သစ်အမျိုးသားတစ်ဦးက အမြင့်ပေတစ်သောင်းကျော်သို့ ပျံတက်ခဲ့တဲ့ လေပူပေါင်းတစ်လုံးပေါ် မတ်တပ်ရပ်ပြခြင်းဖြင့် ကမ္ဘာ့စံချိန်သစ်တင်ခဲ့ကြောင်း သိရပါတယ်။
(Photo: Guillaume Souvant/AFP/Getty Images)
Rémi Ouvrard အမည်ရှိ အမျိုးသားဟာ ပြင်သစ် Telethon အစီအစဥ်အတွက် ပြင်သစ်အနောက်ပိုင်း Chatellerault အရပ် ကောင်းကင်ယံမှာ အမြင့်ပေ ၁၁,၉၃၂ (၃,၆၃၇ မီတာ) သို့ ရောက်ရှိနေတဲ့ လေပူပေါင်းကြီးတစ်လုံးပေါ် မတ်တပ်ရပ်ခဲ့ပြီး ကမ္ဘာ့စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ လေပူပေါင်းကြီးကို Ouvrard ရဲ့ဖခင် Jean-Daniel Ouvrard က ထိန်းချုပ်ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။
လေပူပေါင်း တက်ရောက်ခဲ့တဲ့ အမြင့်မီတာဟာ ရှားပါတဲ့ အာရုံကြောကြွက်သားရောဂါနဲ့ ပတ်သက်တဲ့ သုတေသနနဲ့ အားပေးကူညီမှုအတွက် ရန်ပုံငွေရှာတဲ့ Telethon ရဲ့ နှစ်ပတ်လည်အစီအစဥ် ဖုန်းနံပါတ် ၃၆-၃၇ ကို ကိုယ်စားပြုကြောင်း သိရပါတယ်။ Ouvrard မတ်တပ်ရပ်ခဲ့တဲ့ လေပူပေါင်းဟာ အမြင့် ၁၃,၁၇၅ ပေ (၄,၀၁၆ မီတာ) သို့ ရောက်ရှိခဲ့ပါတယ်။
(Photo: Guillaume Souvant/AFP/Getty Images)
လေပူပေါင်းပေါ်မှာ မတ်တပ်ရပ်ခဲ့တဲ့ Ouvrard က ၃၆ နဲ့ ၃၇ ဂဏန်းများ ဖော်ပြထားတဲ့ ကတ်ပြားတွေကို လက်တစ်ဖက်စီမှာ ကိုင်ဆောင်ပြခဲ့ပါတယ်။ Ouvrard ဟာ ယခုကဲ့သို့ လေထုထဲ အမြင်တစ်နေရာမှာ လေပူပေါင်းပေါ် မတ်တပ်ရပ်ခြင်းဟာ ပထမဆုံးအကြိမ် မဟုတ်ဘူးလို့ ဆိုပါတယ်။
၎င်းဟာ ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းကလည်း အမြင့် ၃,၉၉၂ ပေ (၁,၂၁၇ မီတာ) မှာ လေပူပေါင်းပေါ် မတ်တပ်ရပ်ပြခဲ့ပါသေးတယ်။ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၀ ရက်) က လေပူပေါင်းပေါ် မတ်တပ်ရပ်ကာ ကမ္ဘာ့စံချိန်တင်ခဲ့ပြီးနောက် ထိုအတွေ့အကြုံက တည်ငြိမ်အေးငြိမ်းမှုနဲ့ စိတ်လှုပ်ရှားမှုတို့ ရောထွေးခံစားခဲ့ရတယ်လို့ ဒေသခံ သတင်းထောက်တွေကို ဖွင့်ဟခဲ့ပါတယ်။
(Photo: Guillaume Souvant/AFP/Getty Images)
"မီတာ ၃,၅၀၀၀ အမြင့်ကို ကျော်လွန်လာချိန်မှာ ကျွန်တော်တို့ မီတာ ၄,၀၀၀ ကို ရောက်နိုင်တယ်လို့ သိလိုက်တယ်၊ အမြင့်မီတာကို ပြန်လျော့အောင် လုပ်ဆောင်ခဲ့ကြတယ်" လို့ ၎င်းကပြောပါတယ်။ Ouvrard ဟာ လာမယ့်နှစ်မှာလည်း နောက်ထပ် စွမ်းဆောင်ပြမှုအသစ်အတွက် စိတ်ကူးထားတယ်လို့ ဆိုပါတယ်။ "ပြီးခဲ့တဲ့ သုံးရက်တုန်းက နောက်နှစ်ရဲ့ Telethon အစီအစဥ်အတွက် ကျွန်တော့်မှာ စိတ်ကူးတစ်ခုရှိတယ်လို့ ကျွန်တော့်အဖေကို ပြောထားသေးတယ်" လို့ Ouvrard က ပြောပါတယ်။