ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုရဲ့ အမြွာကလေးနှစ်ဦးအနက် ယောက်ျားလေးဖြစ်သူဟာ သေဆုံးသွားခဲ့တယ်လို့ ကစားသမားက သူ့ရဲ့အင်စတာဂရမ်ကတဆင့် အသိပေးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းမှာ အတူနေချစ်သူ ဂျော်ဂျီနာက အမြွာရင်သွေးလေးတွေကို လွယ်ထားရပြီလို့ ကြေညာခဲ့ပြီး အခုအခါမှာ တဦးကို ဆုံးရှုံးခဲ့ရကာ မိန်းကလေးဖြစ်သူသာ အသက်ရှင်သန်ရစ်ခဲ့ပါတယ်။
သူ့ရဲ့လူမှုကွန်ရက်ကတဆင့် ရော်နယ်ဒိုက "ကျနော်တို့ရဲ့ ရင်သွေးလေးဆုံးပါးသွားတယ်ဆိုတာကို ကြေညာရတာက ဝမ်းအနည်းရဆုံးပါပဲ၊ မိဘတိုင်းခံစားရနိုင်တဲ့ အကြီးမားဆုံးဝေဒနာပါ၊ မိန်းကလေးတဦးတည်းပဲ မွေးဖွားခဲ့ပြီး ကျနော်တို့အတွက် မျှော်လင့်ချက်နဲ့ ပျော်ရွှင်စရာတွေကို ဒီအခိုက်အတန့်မှာပေးခဲ့ပါတယ်၊ သူတို့ရဲ့ ကျွမ်းကျင်တဲ့ စောင့်ရှောက်မှုနဲ့ ပံ့ပိုးကူညီမှုအတွက် ဆရာဝန်တွေနဲ့ သူနာပြုတွေကို ကျေးဇူးတင်ပါတယ်"
'ဒီဆုံးရှုံးမှုအတွက် ကျနော်တို့အားလုံးစိတ်မကောင်းဖြစ်ရပြီး အခုလိုခက်ခဲတဲ့အချိန်မျိုးမှာ မေးမြန်းခြင်းပြုတာတွေမပြုလုပ်ဖို့လည်း မေတ္တာရပ်ခံပါတယ်၊ ငါတို့သားလေး၊ မင်းက ငါတို့ရဲ့ နတ်သားလေးပါပဲ၊ ငါတို့မင်းကို အမြဲတမ်းချစ်မြတ်နိုးနေမှာပါ" လို့ ကြေညာချက်ထုတ်ပြန်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။
ရော်နယ်ဒိုတို့ချစ်သူနှစ်ဦးဟာ လက်ရှိမှာတော့ သားသမီး ၄ ဦးအထိ ရရှိထားတာဖြစ်ပြီး အခုအခါမှာ ၅ ဦးအထိ ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ ၇ ဦးအထိ လိုချင်တယ်လို့ ဖွင့်ဟထားခဲ့ပြီး အမြွာကလေးတွေကိုယ်ဝန်ရှိချိန်မှာ နောက်ထပ် ၁ ဦးသာလိုတော့တယ်လို့ ပြောဆိုခဲ့ပေမယ့် အခုအခါမှာတော့ တဦးတိမ်းပါးသွားခဲ့လို့ ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်ခဲ့ရပါတယ်။
ရော်နယ်ဒိုနဲ့ အသက် ၂၈ နှစ်အရွယ် ဂျော်ဂျီနာတို့ဟာ လက်မထပ်ရသေးပေမယ့်လည်း အတူတူနေလာခဲ့တာ နှစ်ပေါင်းအားဖြင့် ကြာမြင့်နေခဲ့ပြီလည်းဖြစ်ပါတယ်။ ရော်နယ်ဒို တွဲခုတ်ခဲ့တဲ့ ချစ်သူအမျိုးသမီးတွေထဲမှာ ဂျော်ဂျီနာက လက်တွဲအမြဲဆုံးဖြစ်ပြီး သူတို့နှစ်ဦးရင်သွေးလေးတွေကိုပါ မွေးဖွားခဲ့တဲ့အထိ ခိုင်မြဲနေခဲ့တာဖြစ်ပါတယ်။