ပေါ်တူဂီနဲ့ ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုကတော့ မကြာသေးခင်ကမှ မွေးဖွားထားတဲ့ ရင်သွေးလေးကို ပရိသတ်တွေအားလုံးမြင်တွေ့နိုင်အောင် ထုတ်ဖော်ပြသလိုက်ပြီဖြစ်ပါတယ်။ အမြွာကလေးငယ်နှစ်ဦးဖြစ်ပေမယ့်လည်း သားယောကျ်ားလေးကတော့ ကွယ်လွန်သွားခဲ့ပြီး သမီးမိန်းကလေးသာ မွေးဖွားနိုင်ခဲ့လို့ ရော်နယ်ဒိုဟာ လီဗာပူးလ်နဲ့ပွဲကို ဝင်မကစားနိုင်တဲ့အထိ စိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့ရပါတယ်။
အခုအခါမှာတော့ သူနဲ့အတူနေချစ်သူ ဂျော်ဂျီနာ၊ ကျန်သားသမီးတွေနဲ့အတူ မွေးခါစ သမီးလေးနဲ့ ဓာတ်ပုံရိုက်ကူးပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုအတွက် ၅ ဦးမြောက် ကလေးငယ်ဖြစ်ပြီး သမီးအငယ်ဆုံးက သူတို့နဲ့အတူတူရှိနေခဲ့ပြီလို့လည်း ပေါ်တူဂီသားကြီးက ရေးသားပြောဆိုခဲ့ပါတယ်။
"သီရီဂေဟာလေးပါ၊ ဂျော်ဂျီနာနဲ့ ကျနော်တို့ရဲ့ ကလေးလေးက နောက်ဆုံးတော့ ကျနော်တို့နဲ့ အတူတူရှိနေပါပြီ၊ အားလုံးရဲ့ ကြင်နာတဲ့စကားလုံးတွေ၊ အမူအရာတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်၊ ခင်ဗျားတို့ရဲ့ ပံ့ပိုးမှုက အရမ်းအရေးကြီးပြီး ကျနော်တို့မိသားစုအတွက်ထားရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ လေးစားမှုကို အားလုံးခံစားခဲ့ရပါတယ်" လို့ ရော်နယ်ဒိုက ရေးသားခဲ့ပါတယ်။
ရော်နယ်ဒိုရဲ့ ရင်သွေးငယ်လေး ဆုံးရှုံးခဲ့ရတဲ့အပေါ်မှာ ဘောလုံးလောကက ကလပ်အသင်းတွေ၊ ပရိသတ်တွေကလည်း ထပ်တူဝမ်းနည်းကြောင်း ပြသခဲ့ကြပါတယ်။ လီဗာပူးလ်-ယူနိုက်တက်ပွဲစဉ်မှာလည်း ပွဲကစားချိန် ၇မိနစ်မှာ ပွဲကိုခေတ္တရပ်တန့်ပြီး ၁ မိနစ်ကြာ လက်ခုပ်တီးကာ ရော်နယ်ဒိုအပေါ် အားပေးထောက်ပံ့ပေးခဲ့ကြပါသေးတယ်။