မိသားစုဝင်တွေကိုလည်း Home Quarantine လုပ်ထားပါတယ်။

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က Covid 19 positive လူနာအသက်(၂၉)နှစ်အရွယ် အမျိုးသားရဲ့ မိသားစုဝင်တွေကို ဒီကနေ့စပြီး (၁၄)ရက်ကြာ Home Quarantine လုပ်ထားပြီး နေအိမ်တည်ရှိရာ နံ့သာကုန်းရပ်ကွက်က လမ်းသွယ်ကိုလည်း ယာယီပိတ်ထားတယ်လို့ သိရပါတယ်။ 

အဆိုပါ အမျိုးသား (လူနာနံပါတ် ၆) ဟာ လူနာနံပါတ် ၃ နဲ့အတူ အင်္ဂလန်နိုင်ငံနဲ့ ထိုင်းနိုငံတို့ကနေ အတူတူရောက်ရှိလာတာဖြစ်ပြီး ဒီရက်ပိုင်းမှာ ဖျားနာ၊ချောင်းဆိုးခြင်း လက္ခဏာတွေ လုံးဝမရှိခဲ့ဘဲ ရောဂါပိုးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ အင်းစိန်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဝေဖြိုးဟန်က Duwun ကိုပြောပါတယ်။ 



“ အခုလူနာက Case 3 လူနာနဲ့ အတူတူပြန်လာတဲ့သူပေါ့နော်။ Case 3 လူနာမှာ ရောဂါပိုးတွေ့ရှိတယ်ဆိုတဲ့ နေ့ကပဲ အခုလူနာကိုလည်း ဝေဘာဂီကိုချက်ချင်းပို့လိုက်တာပါ။ မပို့ခင်ကလည်း သူကကျန်းမာရေးကောင်းသလို ဆေးရုံမှာလည်း ဘာရောဂါလက္ခဏာမှမပြခဲ့ဘူး။ အခု ဓာတ်ခွဲအဖြေထွက်လာတော့မှ ရောဂါပိုးရှိတယ်ဆိုပြီး သိရတာပေါ့နော်။ သူ့မိသားစုဝင်တွေကိုတော့ Home Quarantine လုပ်ထားပြီ။ သူနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့ အပေါင်းအသင်းမိတ်ဆွေ (၇)ဦးလောက်ကိုလည်း Home Quarantine လုပ်ဖို့ ပြောထားတယ်”လို့ ဦးဝေဖြိုးဟန်က ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ မတ်လ(၂၈)ရက်နေ့မနက်ပိုင်းထိ Covid 19 positive လူနာ(၈)ဦးရှိနေပြီး ရန်ကုန်တိုင်းဒေသကြီးမှာ (၅)ဦး၊ မန္တလေးတိုင်းဒေသကြီးမှာ (၁)ဦး၊ နေပြည်တော်မှာ(၁)ဦးနဲ့ ချင်းပြည်နယ်က (၁)ဦးတို့ပဲဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းက (၅)ဦးထဲမှာ အင်းစိန်မြို့နယ်က (၂)ဦးပါဝင်နေတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က