ပီအက်စ်ဂျီ ကြယ်ပွင့် အမ်ဘာပေတယောက် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ကို ရောက်ရှိနေတယ်လို့ သိရှိရပြီး ဒီသတင်းကလည်း ပရိသတ်တွေအကြား တော်တော်လေး လှုပ်ခတ်လာခဲ့ပါတယ်။ အမ်ဘာပေတယောက်တည်း ရောက်ရှိနေတာ မဟုတ်ဘဲ လက်ရှိ ပီအက်စ်ဂျီအသင်းဖော်၊ ရီးရဲလ်ကစားသမားဟောင်း ဟာကီမီလည်း ပါဝင်ပါတယ်။
အသက် (၂၃) နှစ်အရွယ် အမ်ဘာပေဟာ လက်ရှိအချိန်အထိ ပီအက်စ်ဂျီမှာ ဆက်နေမလား၊ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့မလား မဆုံးဖြတ်နိုင်သေးခင် အချိန်မှာပဲ မက်ဒရစ်မြို့ကို ရောက်ရှိလာခဲ့တာပါ။ ဟာကီမီနဲ့ အမ်ဘာပေတို့ဟာ မနေ့တုန်းက မက်ဒရစ်မြို့က စားသောက်ဆိုင်ကို အတူတကွ လာရောက်ခဲ့ကြတာကို မီဒီယာတွေက အမိအရ ဖော်ပြနိုင်ခဲ့ပါတယ်။
ဒါ့အပြင် အမ်ဘာပေကလည်း သူ့ရဲ့ အင်စတာဂရမ်မှာ ဟာကီမီအပါအဝင် ဟာကီမီရဲ့ ညီအကိုတွေနဲ့အတူ မက်ဒရစ်မြို့မှာ ရောက်ရှိနေတယ်ဆိုတာကို ဓာတ်ပုံနဲ့တကွ အတည်ပြုပေးခဲ့ပါတယ်။ စပိန်အခြေစိုက် AS ကတော့ အမ်ဘာပေ မက်ဒရစ်မြို့ ရောက်ရှိနေတဲ့ပုံကို သတင်းခေါင်းစီးတင်ပြီး “အမ်ဘာပေကို မက်ဒရစ်မြို့မှ ကြိုဆိုပါတယ်” လို့ ရေးသားခဲ့ပါတယ်။
ပြင်သစ်လီဂူးချန်ပီယံဖြစ်ထားပြီးတဲ့ ပီအက်စ်ဂျီ ကစားသမားတွေဟာ အားလပ်ရက် အနည်းငယ်ရရှိထားပြီး လာမယ့် ဗုဒ္ဓဟူးနေ့မှသာ အသင်းနဲ့ ပြန်လည်ပူးပေါင်းမှာဖြစ်ပါတယ်။ ဒီကြားထဲမှာ အမ်ဘာပေတယောက် အခုလိုပဲ မက်ဒရစ်မြို့ကို လာရောက်လည်ပတ်ခဲ့တာက ပရိသတ်တွေအတွက်တော့ ပဟေဠိဖြစ်စရာပါ။
ပီအက်စ်ဂျီဟာ အမ်ဘာပေကို စာချုပ်သစ်အတွက် တပတ်လုပ်ခ ပေါင် (၈) သိန်းကျော်အထိ ပေးချေဖို့ ဆန္ဒရှိနေပြီး နောက်ထပ်တနှစ် စာချုပ်သက်တမ်းတိုးရုံနဲ့ ပေါင်သန်း (၁၅၀) ပေးချေသွားဖို့အထိ ကမ်းလှမ်းထားပါတယ်။ အမ်ဘာပေရဲ့အမေဖြစ်သူ ဖေဇာလာမာရီကလည်း ကာတာနိုင်ငံ၊ ဒိုဟာမြို့ကို သွားရောက်ပြီး ပီအက်စ်ဂျီ ဥက္ကဌ အယ်လ်ခီလိုင်ဖီနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားတယ်လို့ သိရှိရပါတယ်။