ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေဟာ လာမယ့်တနင်္ဂနွေနေ့ (မေ ၂၂) မှာ သူ့ရဲ့အနာဂတ်ကို အခမ်းအနား အစီအစဥ်နဲ့တကွ ကြေညာသွားဖွယ်ရှိတယ်လို့ သိရှိရပါတယ်။ ဒီကစားသမားအနေနဲ့ ပီအက်စ်ဂျီမှာ ဆက်နေမလို၊ ရီးရဲလ်မက်ဒရစ်ကိုပဲ ပြောင်းတော့မလိုနဲ့ မတင်မကျဖြစ်နေတာပါ။



သူနဲ့ပီအက်စ်ဂျီအကြား စာချုပ်သက်တမ်းက လာမယ့် (၆) ပတ်အတွင်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ မနေ့က နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရ ပီအက်စ်ဂျီအနေနဲ့ အသင်းရဲ့ အားကစားရေးရာ စီမံကိန်းတခုလုံးရဲ့ စီမံခန့်ခွဲမှုကို အမ်ဘာပေဆီ အပ်နှံပြီး စာချုပ်သစ်အတွက် ကမ်းလှမ်းမယ်လို့ သိရပါတယ်။

အမ်ဘာပေဟာ မက်လောက်စရာ လစာငွေ၊ နည်းပြအပြောင်းအလဲ၊ ကစားသမားအရောင်းအဝယ်တွေကို သူ့စိတ်ကြိုက် ပြုလုပ်ခွင့်ရရှိမှာပါ။ ဒါပေမယ့်လည်း အမ်ဘာပေကတော့ ဒီအပေါ်မှာ ဘာမှမတုံ့ပြန်ထားဘဲ လီဘရွန်းဂျိမ်းစ်စတိုင်နဲ့အတူ အနာဂတ်ကို ကြေညာဖို့အတွက်သာ ပြင်ဆင်နေပါတယ်။

ဘတ်စ်ကတ်ဘောလောကရဲ့ နာမည်ကျော် လီဘရွန်ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ (၂၀၁၂) တုန်းက Cleveland Cavaliers ကနေ မိုင်ယာမီဟိသ်ကို ပြောင်းရွှေ့ခဲ့စဥ်မှာ “The Decision” ဆိုတဲ့ အခမ်းအနားကို တနာရီခွဲကြာ ကျင်းပပြုလုပ်ကာ မိုင်ယာမီဟိသ်ကို ပြောင်းရွှေ့မယ့် သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကြေညာခဲ့ပါတယ်။

အခု ပြင်သစ်သတင်းစာရဲ့ဖော်ပြချက်အရလည်း အမ်ဘာပေအနေနဲ့ လာမယ့်တနင်္ဂနွေနေ့ မနက် (၁၀) နာရီမှာ လီဘရွန်ဂျိမ်းစ်လို အလားတူ အခမ်းအနားမျိုးကို ကျင်းပပြုလုပ်ကာ အနာဂတ်ကို ကြေညာသွားမယ်လို့ သိရှိရပါတယ်။ ဒီလိုမျိုး ကြေညာတယ်ဆိုရင်တော့ အသက် (၂၃) နှစ်အရွယ် အမ်ဘာပေက ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့အတွက်သာ ကြေညာဖွယ်ရှိပါတယ်။

စပိန်ဘက်က ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုအားလုံးရရှိထားပြီး ပြင်သစ်ဘက်မှာတော့ အမ်ဘာပေက ပီအက်စ်ဂျီရဲ့ မနေ့က ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီလို့ တယောက်တမျိုး ဖော်ပြလျက်ရှိပါတယ်။ 

Share

Loading Next Article...
က္က