ဗာရန်းက လူစားဝင်လာပြီး ယူနိုက်တက်ကို ချက်ချင်းကယ်တင်ခဲ့တာပါ။

ယူနိုက်တက်နောက်ခံလူ ဗာရန်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေညက ကစားခဲ့တဲ့ အဲဗာတန်နဲ့ ယူနိုက်တက်တို့ရဲ့ ပွဲမှာ ပွဲကစားချိန် နောက်ဆုံးမိနစ်မှ လူစားဝင်လာပြီး သူ့ရဲ့ ပထမဆုံးထိချက်နဲ့ပဲ အသင်းကို ကယ်တင်သွားခဲ့ပါတယ်။ ဗာရန်းဟာ မန်စီးတီးကို ရှုံးခဲ့တဲ့ပွဲမှာ အသေးစားဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပြီး ကြားရက်မှာကစားခဲ့တဲ့ အိုမိုနီးယားနဲ့ ယူရိုပါလိဂ်ပွဲကိုလည်း လွဲချော်ခဲ့ပါတယ်။



အခု အဲဗာတန်နဲ့ပွဲမှာလည်း ဗာရန်းက အရန်ခုံမှာသာရှိနေခဲ့ပြီး ပွဲပြီးခါနီးမှ ခံစစ်ကို အားဖြည့်တဲ့အနေနဲ့ တန်ဟက်ခ်က ဗာရန်းကို ထည့်သွင်းကစားခဲ့တာပါ။ ဒီပွဲမှာ ယူနိုက်တက်က ပထမပိုင်းမှာ အဲဗာတန်ကို အကောင်းဆုံးလွှမ်းမိုးနိုင်ခဲ့ပြီး ၁-၂ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း ပွဲပြီးခါနီးမှာတော့ အဲဗာတန်က ချေပဂိုးရဖို့ ရွက်ကုန်ဖွင့်ကစားခဲ့ပြီး ဒီဂီယာလက်စွမ်းပြခဲ့ရသလို ဗာရန်းကလည်း သူ့ရဲ့ပထမဆုံးထိချက်နဲ့ အသင်းချေပဂိုးမပေးရအောင် ကယ်တင်ခဲ့ပါတယ်။


အဲဗာတန်က ပွဲပြီးခါနီးမှာ အမြင့်ဘောတွေလှိုင်လှိုင်သုံးပြီး ယူနိုက်တက်ကို ထိုးဖောက်ဖို့ ကြိုးစားခဲ့ကာ ထောင့်ကန်ဘောတွေမှာဆိုရင်လည်း ဂိုးသမား ပစ်ဖို့ဒ်ပါ ရှေ့ထိတက်ပြီး ဂိုးသွင်းယူနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ထောင့်ကန်ဘောတကြိမ်မှာဆိုရင် ဗာရန်းက အဲဗာတန်ကွင်းလယ်လူ အိုနာနာ၊ ဂိုးသမား ပစ်ဖို့ဒ်တို့နဲ့ ခေါင်းယှဥ်တိုက်ပြီး ရှင်းထုတ်ခဲ့ရပါသေးတယ်။

ဒီရှင်းထုတ်မှုမှာ ဗာရန်းရဲ့ခေါင်းနဲ့သာမထိခဲ့ရင် ပစ်ဖို့ဒ် ဒါမှမဟုတ် အိုနာနာနဲ့ထိပြီး ယူနိုက်တက်တို့ ချေပဂိုးပေးရကာ အဝေးကွင်းမှာ အမှတ်လျော့သွားနိုင်ပါတယ်။ ဒါပေမယ့် ဗာရန်းရဲ့ ဒီပွဲအတွက် ပထမဆုံး ဘောလုံးထိချက်ကြောင့်ပဲ ယူနိုက်တက်တို့ သက်သာခဲ့ရပြီး မန်စီးတီးနဲ့ မန်ချက်စတာဒါဘီအရှုံးကနေ အနိုင်ရလဒ်နဲ့ အမြန်ဆုံး ပြန်လည်ရုန်းထနိုင်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တယောက်ကတော့ “တန်ဟက်ခ်က အနာဂတ်ကိုများ ကြိုသိနေတာလား။ သူက ဒီအမြင့်ဘောမတိုင်ခင်မှာ ဗာရန်းကို ထည့်ခဲ့တာပါ။ လင်ဒီလော့ဖ်က မနေ့ကပွဲမှာ ပုံစံကောင်းပြခဲ့ပေမယ့် ဒီဗီဒီယိုအရတော့ ဗာရန်းက လင်ဒီလော့ဖ်ကို ကျော်ပြီး ဘာကြောင့်နေရာရသင့်လဲဆိုတာကို သက်သေပြနေပါတယ်” လို့ မှတ်ချက်ပြုရေးသားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က