မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ချဲလ်ဆီးအသင်းရဲ့ အခြေအနေဆိုးတွေကြားထဲမှာ အနာဂတ်မရေမရာဖြစ်နေတဲ့ တူဟယ်လ်နဲ့ ချဲလ်ဆီးကစားသမားတွေအတွက် စိတ်မကောင်းဖြစ်ရကြောင်း ပြောကြားခဲ့ပါတယ်။ မနေ့က ချဲလ်ဆီးရဲ့ ရုရှားလူမျိုးသူဌေး အေဘရာမိုဗစ်ချ်ကို ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်က ဆန်ရှင်ချမှတ်ခဲ့ပါတယ်။
အဲ့ဒီနောက် ချဲလ်ဆီးအပေါ် သက်ရောက်လာတဲ့ ကိစ္စရပ်တွေက ဆိုးကျိုးတွေသာရှိပြီး ကစားသမားတွေအနေနဲ့လည်း အနာဂတ်မရေမရာဖြစ်နေပါတယ်။ အဲ့ဒါကြောင့် အသင်းတာဝန်ရှိသူတွေကို သူတို့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့၊ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အမြန်ဆုံးဖြေရှင်းပေးဖို့ ဆန္ဒရှိနေပါတယ်။
ချဲလ်ဆီးဘုတ်အဖွဲ့ကလည်း အရေးပေါ်အစည်းအဝေးတရပ် ပြုလုပ်သွားမယ်လို့ သိရပြီး အသင်းခေါင်းဆောင် အက်ဇ်ပီလီကွီတာကလည်း လက်ရှိအနေအထားက ကစားသမားတွေအတွက် ပုံမှန်အနေအထားမှာ မရှိဘူးလို့ မနေ့က နော့ဝစ်ချ်နဲ့ပွဲမတိုင်ခင်မှာ ပြောကြားခဲ့ပါတယ်။
ဒီလိုမျိုး ရုန်းကန်နေရတဲ့ ကစားသမားတွေနဲ့ ပတ်သက်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက “ကျနော့်အမြင်ကို ဘာမှမပြောနိုင်ပါဘူး။ ကျနော့်အတွက် သတင်းခေါင်းစီးတွေကပဲ မြင်တွေ့ရပါသေးတယ်။ ဘာကြောင့် ဒီလိုတွေဖြစ်လာသလဲဆိုတဲ့ အကြောင်းရင်းတွေကို ကျနော် အတိအကျ မသိသေးပါဘူး”
“ဒီကိစ္စတွေကို နားလည်အောင်လုပ်ဖို့အတွက် ကျနော့်ကို ရက်အနည်းငယ်လောက်အချိန်ပေးဖို့ တောင်းဆိုပါတယ်။ ချဲလ်ဆီးနဲ့ပတ်သက်လို့ နောက်ထပ်ဘာတွေထပ်ဖြစ်လာဦးမလဲ ကျနော် မသိပါဘူး။ နည်းပြတူဟယ်လ်နဲ့ ကစားသမားတွေအတွက်တော့ ဒါက သက်သောင့်သက်သာဖြစ်မှာမဟုတ်ပါဘူး"
"သူတို့အတွက် ကျနော် စိတ်မကောင်းပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ချဲလ်ဆီးမှာ သူတို့အလုပ်ကို သူတို့လုပ်နေကြတာလေ။ ကျန်တာတွေနဲ့ ပတ်သက်လို့တော့ ကျနော်မပြောနိုင်သေးပါဘူး။ မသိလို့ပါ။ ဘာကြောင့် အေဘရာမိုဗစ်ချ်ကို ပိတ်ဆို့အရေးယူလိုက်တာလဲဆိုတာကိုလည်း မသိသေးပါဘူး”
“နောက်ထပ် သတင်းစာရှင်းလင်းပွဲတခုရောက်ရင် ကျနော် သိကောင်းသိမှာပါ။ အဲ့ဒီအခါကျ ကျနော့်အမြင်ကိုပြောမယ်လေ။ ကျနော့် စီအီးအိုနဲ့ စကားပြောကြည့်ပြီး ဒီအကြောင်းကို တိတိကျကျ သိချင်ပါသေးတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။