နစ္စတယ်ရွိုင်းက သူ့ရဲ့နည်းပြဘဝအဖွင့်ပွဲမှာ ဖလားရရှိခဲ့တာပါ။

နယ်သာလန်ကလပ်ပီအက်စ်ဗွီနည်းပြ နစ္စတယ်ရွိုင်းဟာ အသင်းကို ကိုင်တွယ်ခဲ့တဲ့ ပထမဆုံးပွဲမှာပဲ နာမည်ကြီး အေဂျက်စ်ကို အနိုင်ယူကာ နယ်သာလန်စူပါဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ နစ္စတယ်ရွိုင်းဟာ ပီအက်စ်ဗွီအရံအသင်းကို နည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးပြီး အသင်းကြီးနည်းပြအဖြစ် အခုမှ ပထမဆုံးကိုင်တွယ်ဖူးတာဖြစ်ပါတယ်။



ဒါပေမယ့် အံ့အားသင့်ဖို့ကောင်းစွာနဲ့ပဲ ပီအက်စ်ဗွီက အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး ဂက်စ်တေးလ်ရဲ့ ဟက်ထရစ်၊ ဂတ်ပို၊ ဇာဗီဆိုင်မွန်စ်တို့ရဲ့ ဂိုးတွေနဲ့အတူ အေဂျက်စ်ကို ၅-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အေဂျက်စ်အတွက် ဂိုးတွေကိုတော့ ဘာ့ချ်ဝင်း၊ ကူဒက်စ်နဲ့ အန်တိုနီတို့က သွင်းယူပေးခဲ့ပါတယ်။ ယိုဟန်ခရိုက်ဖ်ဒိုင်းလို့လည်းခေါ်တဲ့ ဒီပွဲကို ယိုဟန်ခရိုက်ဖ်အရီနာကွင်းကြီးထဲမှာပဲ ကစားခဲ့တာပါ။

နစ္စတယ်ရွိုင်းအတွက်ကတော့ တကယ်ကို အဖွင့်လှခဲ့တဲ့ပွဲတပွဲဖြစ်ခဲ့ပြီး သူဟာ ဒီမတိုင်ခင်မှာ နယ်သာလန်လက်ရွေးစင်ရဲ့ လက်ထောက်၊ ပီအက်စ်ဗွီအရံအသင်းနည်းပြအဖြစ်သာ ကိုင်တွယ်ခဲ့ဖူးတာပါ။ တဖက်က အေဂျက်စ်ဘက်ကလည်း နည်းပြသစ်ရှရက်ဒါအတွက် ပထမဆုံးပွဲဦးထွက်မှာ မျက်နှာပျက်စရာဖြစ်ခဲ့ပါတယ်။ ရှရက်ဒါဟာ တန်ဟက်ခ် ယူနိုက်တက်ကို ပြောင်းရွှေ့သွားတာကြောင့် အစားထိုးဝင်ရောက်ခဲ့တဲ့ နည်းပြဖြစ်ပါတယ်။

ယူနိုက်တက်ကစားသမားဟောင်းတယောက်ပဲဖြစ်တဲ့ ရွန်းနီကလည်း လက်ရှိအချိန်မှာ နည်းပြလောကထဲမှာ ကျင်လည်နေပါတယ်။ ရွန်းနီဟာ ဒါဘီကိုကိုင်တွယ်ခဲ့ပြီးနောက် မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ကို ကိုင်တွယ်လျက်ရှိပြီး တနေ့နေ့မှာ ယူနိုက်တက်ကို ကိုင်တွယ်ဖို့ အိပ်မက်မက်ထားတယ်လို့ဆိုပါတယ်။

အခု နစ္စတယ်ရွိုင်းကလည်း နည်းပြဘဝအဖွင့်ပွဲမှာတင် အေဂျက်စ်ကို အနိုင်ယူကာ ဆုဖလားပါ သိမ်းပိုက်နိုင်ခဲ့တာကြောင့် အနာဂတ်မှာ ယူနိုက်တက်နည်းပြဖြစ်လာဖို့ သူ့ရဲ့ စန်းနဲ့လုပ်ရည်ကိုင်ရည်တို့ကို စောင့်ကြည့်ရတော့မယ်လို့လည်း ပရိသတ်အချို့က မှတ်ချက်ပြုခဲ့ကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က