လူငယ်ကြယ်ပွင့် ဒီဂျောင်ရောက်ရှိလာခဲ့ပြီးနောက် နည်းပြဗယ်လ်ဗာဒီက ရာကီတစ်ကို အရန်ကစားသမားအဖြစ်နဲ့သာ အသုံးပြုနေခဲ့ပါတယ်။
ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူရာကီတစ်က သူ့အနေနဲ့ အသင်းမှာ ပုံမှန်နေရာမရရှိတဲ့အပေါ် စိတ်ပျက်မိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး အနာဂတ်အတွက် စဉ်းစားရလိမ့်မယ်လို့ ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ လူငယ်ကြယ်ပွင့် ဒီဂျောင်ရောက်ရှိလာခဲ့ပြီးနောက် နည်းပြဗယ်လ်ဗာဒီက ရာကီတစ်ကို အရန်ကစားသမားအဖြစ်နဲ့သာ အသုံးပြုနေခဲ့ပါတယ်။
လာလီဂါ ၇ ပွဲမှာ ၆ ပွဲအထိ ရာကီတစ်က အရန်ခုံမှာသာ ရှိနေခဲ့ပြီး စုစုပေါင်း ၁၈၇ မိနစ်သာ ကစားခွင့်ရရှိထားတယ်လို့ Daily Mail ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ခရိုအေးရှားလက်ရွေးစင်အသင်းအတွက် ကစားပေးဖို့ ခေါ်ယူခြင်းခံခဲ့ရတဲ့ ရာကီတစ်က သူ့အနေနဲ့ ပွဲထွက်ခွင့် ဆက်လက်ဆုံးရှုံးနေမယ်ဆိုရင် ဇန်နဝါရီမှာ ရွေးချယ်မှုတွေပြုလုပ်ရလိမ့်မယ်လို့လည်း ပြောသွားခဲ့ပါတယ်။
"ကျွန်တော့်အတွက်တော့ ခက်ခဲမှုရှိပါတယ်၊ ကျွန်တော့်အတွက် ကစားခွင့်ရဖို့ လိုအပ်နေပါတယ်၊ မြို့ထဲအနှံ့လမ်းလျှောက်၊ ကမ်းခြေမှာ လမ်းလျှောက်နေရုံမဟုတ်ပါဘူး၊ ကျွန်တော့်ရဲ့ ဒီအခြေအနေကို တတ်နိုင်သလောက် ပြောင်းလဲပစ်လို့ ကျွန်တော်လုပ်သွားမှာပါ၊ အသင်းနဲ့ ကျွန်တော်က စာချုပ်သက်တမ်း ၂ နှစ်ကျန်နေပါသေးတယ်"
"ဘာစီလိုနာထက် ပိုပြီးကောင်းတဲ့ နေရာမရှိတော့ပါဘူး၊ ဘာစီလိုနာက ကမ္ဘာ့အကောင်းဆုံးအသင်းပါ" လို့ ရာကီတစ်က ပြောဆိုခဲ့ပါတယ်။ နွေရာသီဈေးကွက်အတွင်းမှာ ရာကီတစ်ကို ခေါ်ယူဖို့ အင်တာမီလန်၊ ဂျူဗင်တပ်စ်တို့က စိတ်ဝင်စားခဲ့ကြပါတယ်။ ဒါပေမယ့် ဘာစီလိုနာက ရာကီတစ်အတွက် ပြောင်းရွှေ့ကြေးကို မြင့်မားတဲ့ဈေးနှုန်းသတ်မှတ်ခဲ့လို့ အဆိုပါအသင်းတွေ လက်လျှော့ခဲ့ရပါတယ်။