အာဆင်နယ်က ဒီပွဲအတွက် သူတို့ရဲ့ အတောင့်တင်းဆုံး လူစာရင်းကိုပဲ အသုံးပြုခဲ့တာပါ။ ဒါပေမယ့် တီယာနေးဒဏ်ရာရနေတာကြောင့် တာဗာရက်စ်လည်း စိတ်မချရတဲ့ အနေအထားမှာ ချာကာက ဘယ်နောက်ခံလူနေရာကနေ ပွဲထွက်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ကွင်းလယ်မှာ လိုကွန်ဂါ ပါဝင်လာပြီး ကျန်တဲ့နေရာတွေမှာတော့ လူစုံတက်စုံပါပဲ။
ဘရိုက်တန်ကလည်း အမှတ်မလိုဘူးဆိုပေမယ့် အာဆင်နယ်ကို ဒုက္ခပေးဖို့အတွက် ဝဲလ်ဘတ်၊ ဂရော့စ်၊ ထရော့ဆက်၊ အယ်လစ်စတာ၊ ရော်ဘတ်ဆန်းချက်ဇ်တို့နဲ့ လူစုံတက်စုံ ပါဝင်ခဲ့ပါတယ်။ အာဆင်နယ်က ပိုသာတယ်ဆိုပေမယ့် တဖက်စောင်းနင်းကြီး အသာစီးရခဲ့တာမျိုးတော့ မဟုတ်ပါဘူး။
ဘရိုက်တန်ကလည်း အကောင်းဆုံး တုံ့ပြန်ခဲ့ပြီး ဦးဆောင်ဂိုးပါသွင်းနိုင်ခဲ့ပါတယ်။ ညာခြမ်းက မွမ်ပူ ချပေးလိုက်တဲ့ ဘောလုံးကို ထရော့ဆက်က လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းပြီး အာဆင်နယ်တို့ ရုန်းကန်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ အာဆင်နယ်က ချေပဂိုးရဖို့ ဖိဖိစီးစီး ကစားခဲ့ပါတယ်။
ပထမပိုင်းပြီးခါနီးမှာ အာဆင်နယ်တို့ ချေပဂိုးရရှိခဲ့ပေမယ့် မာတီနယ်လီ လူကျွံနေတယ်ဆိုပြီး VAR နဲ့ ပယ်ဖျက်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း အာဆင်နယ်က ပွဲစတာနဲ့ တပြိုင်နက် ဘရိုက်တန်ဘက်ကို တရစပ်ဖိအားပေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့်လည်း ဘရိုက်တန်က စနစ်တကျ နဲ့ အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့သလို အာဆင်နယ်ခံစစ်တန်းကိုပါ အလုပ်ရှုပ်စေခဲ့ပါတယ်။ ဘရိုက်တန်အတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကိုတော့ မွမ်ပူက ဧရိယာထိပ်ကနေ အကောင်းဆုံး ကန်သွင်းသွားခဲ့ပါတယ်။ အာဆင်နယ်အတွက် ချေပဂိုးတဂိုးကိုတော့ (၈၈) မိနစ်မှ အိုဒီဂတ်က အဝေးကနေ လှလှပပကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။
ဒီရှုံးပွဲကြောင့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်ရေမှတ်ကို ရောက်ရှိလာခဲ့ပါပြီ။ အဓိကပြိုင်ဘက် စပါးကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမယ့်ပွဲလည်းရှိသေးတာကြောင့် လာမယ့်ပွဲတွေမှာ အာဆင်နယ်တို့ အမှတ်ထပ်လျော့လို့မရတော့တဲ့ အနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။ တချိန်တည်းကစားခဲ့တဲ့ ပွဲမှာတော့ လိဒ်စ်က ဝက်ဖို့ဒ်ကို အဝေးကွင်းမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။