အာဆင်နယ်တို့ ရာသီဖွင့်ပွဲကို အနိုင်နဲ့ စတင်ခဲ့ပါတယ်။

အာဆင်နယ်ကတော့ နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ပြိုင်ဘက်ကို သက်တောင့်သက်သာ ကစားပြီး အနိုင်ယူသွားခဲ့ပါတယ်။ ဖောရက်စ်ဟာ အာဆင်နယ်ကို ရေရှည်မှာ မယှဉ်နိုင်ခဲ့တော့ဘဲ အဝေးကွင်းကနေ အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရပါတယ်။ အာဆင်နယ်တို့ ဂိုးရဖို့အတွက် အချိန်အနည်းငယ်စောင့်ခဲ့ရပေမယ့် ဆက်တိုက်ဆိုသလို ဂိုးတွေ သွင်းနိုင်ခဲ့တာပါ။ 

ပထမဂိုးကိုတော့ မာတင်နယ်လီရဲ့ လှပတဲ့ လှည့်ထွက်မှုကနေ အန်ကီတီယာကသွင်းပေးခဲ့တာပါ။ မာတင်နယ်လီရဲ့ လှည့်ထွက်ခဲ့ပုံက ဖောရက်စ်ကစားသမားတွေကို အငိုက်မိစေခဲ့ပြီး ဘောလုံးရသွားခဲ့တဲ့ အန်ကီတီယာက အပိုင်ပိတ်သွင်းယူခဲ့တာပါ။ ဒီဂိုးရပြီး သိပ်မကြာခင်မှာပဲ ဆာကာရဲ့ ဂိုးကို အာဆင်နယ်တို့ ထပ်ရခဲ့ပါတယ်။ ပွဲချိန်အစောပိုင်းမှာ ဖောရက်စ်က ဂျွန်ဆင်က ရမ့်ဒေးစ်နဲ့ တဦးချင်းအနေထား တွေ့ခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့တာပါ။ 

ဧရိယာအပြင်ဘက်ကနေ ဘယ်ခြေနဲ့လှလှပပ ကန်သွင်းယူခဲ့ပြီး ဂိုးသမားရဲ့ အဝေးထောင့်ထဲကို ကွက်တိပါပဲ။ ပြိုင်ဘက်နောက်ခံလူတွေနဲ့ ဂိုးသမား ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဆာကာရဲ့ ခြေစွမ်းကတော့ တကယ်ကို ချီးကျူးစရာပါ။ ညာတောင်ပံကနေ တောက်လျှောက်ထိုးဖောက်နေပြီး အသင်းတိုက်စစ်ကို ပံ့ပိုးပေးနိုင်သလို ကိုယ်တိုင်လည်း ဂိုးရအောင် လုပ်နိုင်စွမ်းက မြင့်မားနေပါတယ်။ ၂ဂိုးဆက်တိုက်ရခဲ့တဲ့နောက် အာဆင်နယ်က ပွဲကို ထိန်းချုပ်ထားနိုင်ပြီး ဘောလုံးပိုင်ဆိုင်မှုအသာ၊ ကစားကွက်အသာနဲ့ ဖောရက်စ်ကို ကစားနိုင်ခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာလည်း အာဆင်နယ်ကပဲ ပွဲကို ထိန်းထားခဲ့ပြီး ဖောရက်စ်တို့ ချေပဂိုးရဖို့အတွက် မစွမ်းသာခဲ့ပါဘူး။ အာဆင်နယ်ကလည်း ဂိုးထပ်ရဖို့အတွက် နည်းနည်းတန့်နေခဲ့ပြီး ပွဲက နည်းနည်းအေးသွားပါတယ်။ အာဆင်နယ်ရဲ့ ကစားသမားသစ် တင်ဘာ တံကောက်ကြောဒဏ်ရာရသွားတယ်လို့ ယူဆရပြီး လူစားလဲခဲ့ရတာကတော့ အာတီတာအတွက် စိတ်ပျက်စရာပါပဲ။ 

ပွဲကစားချိန် ၈၁ မိနစ်မှာတော့ ဖောရက်စ်တို့ ချေပဂိုးရသွားခဲ့ပါတယ်။ အာဆင်နယ်ခံစစ်ရဲ့ အမှားကနေ သူတို့အတွက် မျှော်လင့်ချက်ဖြစ်စေမယ့် ဂိုးကို သွင်းယူနိုင်ခဲ့တာပါ။ အဲဒီချေပဂိုးရပြီး ချက်ချင်းဆိုသလိုပဲ ဖောရက်စ်က တိုက်စစ်ဆင်ကစားခဲ့ပြီး အပိုင်ကန်သွင်းချက် ဘားတန်းကျော်သွားလို့သာ အာဆင်နယ်ခံသာခဲ့တာပါ။ လက်ကျန် ၁၀ မိနစ်အတွင်း ဖောရက်စ်က ပြန်ရုန်းခဲ့ပြီး အမှတ်ရဖို့ အားထုတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လိုအပ်နေတဲ့ ချေပဂိုးကိုတော့ ဖောရက်စ်တို့ ထပ်မသွင်းနီုင်တော့လို့ ၂-၁ နဲ့ အာဆင်နယ်တို့အနိုင်ရပြီး ရာသီသစ်ကို တာထွက်လှခဲ့ပါတယ်။

Share

Loading Next Article...
က္က