အီဘရာဟီမိုဗစ်တယောက် လုပ်ချလိုက်ပြန်ပြီလို့ဆိုရတော့မှာပါ။

အေစီမီလန်ရဲ့ ဝါရင့်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်က သူ့အနေနဲ့ ကစားသမားဘဝက အနားမယူသေးဘူးဆိုတာကို သူ့ရဲ့ ဆိုရှယ်မီဒီယာတွေကနေတဆင့် ထပ်မံကြေညာလာခဲ့ပါတယ်။ အီဘရာဟီမိုဗစ်ဟာ ဒီရာသီတလျှောက်လုံး ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရတာပါ။



ဒါပေမယ့် သူ့အနေနဲ့ အေစီမီလန်နဲ့အတူ စီးရီးအေအမှတ်ပေးချန်ပီယံဆု ရယူဖို့ ပစ်မှတ်ထားနေပြီး ကစားသမားဘဝက အနားယူဖို့လည်း မစဥ်းစားသေးဘူးလို့ အကြိမ်ကြိမ် ပြောကြားခဲ့ပါတယ်။ အေစီမီလန်နဲ့ သူ့ရဲ့ စာချုပ်သက်တမ်းက လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာပါ။

ဒီလိုအချိန်မျိုးမှာ အီဘရာဟီမိုဗစ်က သူ့ရဲ့ကစားသမားဘဝ ရှေ့ဆက်နေဦးမယ်ဆိုတာကို ထူးထူးဆန်းဆန်းအကွက်တွေကို ပြသရင်း ဗီဒီယိုနဲ့တကွ အသိပေးလိုက်ပြန်ပါတယ်။ ကပ်ရှင်မှာလည်း အီဘရာဟီမိုဗစ်က “ဘယ်အချိန်မှာ အနားယူမလဲဆိုတာကို ကျနော် ဆုံးဖြတ်မယ်”

“အခု ဒီအဝါရောင်ဘောလုံး ခင်ဗျားကို မှန်သွားသလိုမျိုးပေါ့” လို့ ရေးသားခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ အီဘရာဟီမိုဗစ်က လေ့ကျင့်ရေးကွင်းမှာ ဘောလုံးတွေကို တန်းစီချထားပြီး ဂိုးပေါက်ကန်သွင်းတဲ့ လေ့ကျင့်ခန်းကို ပြုလုပ်နေတာပါ။ ဘောလုံး (၁၀) လုံး တန်းစီချထားပြီး အဖြူရောင်ဘောလုံးတွေကြားထဲမှာ အဝါရောင် ဘောလုံးတလုံးပါဝင်ပါတယ်။

ပထမဆုံး အဖြူရောင် ဘောလုံးနှစ်လုံးကို အီဘရာဟီမိုဗစ်က သာမန်အတိုင်းသာ ကန်သွင်းခဲ့ပေမယ့် အဝါရောင်ဘောလုံးကို ကန်ချိန်မှာတော့ ရိုက်ကူးနေတဲ့ ကင်မရာကို တည့်တည့်ထိအောင် ကန်ပြခဲ့တာဖြစ်ပါတယ်။ အသက် (၄၀) အရွယ် အီဘရာဟီမိုဗစ်ကြီးရဲ့ ခံယူချက်နဲ့ ပြင်းပြတဲ့စိတ်ဓာတ်ကတော့ လေးစားစရာ အနေအထားမှာရှိနေဆဲပါ။



ဒါ့အပြင် သူ့ရဲ့ထုံးစံအတိုင်း ကစားသမားဘဝအနားယူဖို့အတွက် မေးခွန်းတွေများလာချိန်မှာတော့ ဒါက တမင်ကို ခပ်ကြမ်းကြမ်းပုံစံနဲ့ သက်သေပြလိုက်တာဖြစ်တယ်လို့လည်း ပရိသတ်တွေက ယူဆနေကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က