ရုံးဆင်းချိန်တွေမှာ မဟာဗန္ဓုလလမ်းနဲ့ဗိုလ်အောင်ကျော်လမ်းထောင့်ကနေဖြတ်သွားတိုင်း ကြက်သံပုံးကင်လေးနံ့ မွှေးမွှေးရဲ့ ဆွဲဆောင်မှုကို အားလုံးမှတ်မိကြမယ်ထင်ပါတယ်။ ဒီဆိုင်လေးကတော့ ဗိုလ်အောင်ကျော်လမ်းထိပ်က ကြက်ကင်ဆိုင်လို့ အများကသိကြတဲ့ Pa Par ကြက်သံပုံးကင်ဆိုင်လေးပဲဖြစ်ပါတယ်။
Photo : Myat Su
နှစ် (၂၀) သက်တမ်းရှိတဲ့ ကြက်သံပုံးကင်ဆိုင်လေး
ဒီကြက်ကင်ဆိုင်လေးဖွင့်လှစ်ရောင်းချတဲ့သက်တမ်းကတော့ နှစ် (၂၀) နီးပါးရှိပြီဖြစ်ပါတယ်။ စတင်ရောင်းချစဉ်က ကြက်ကြော်တစ်မျိုးထဲကိုသာ အဓိကရောင်းချခဲ့ပြီး ကြက်သံပုံးကင်ပြုလုပ်ရောင်းချ တာကတော့ (၇) နှစ်ဝန်းကျင် ရှိပြီဖြစ်ပါတယ်။ ပြည်ပနိုင်ငံတွေကို ဘုရားဖူးသွားရင်းနဲ့ ကြက်သံပုံးကင် ရောင်းချတာကိုနမူနာယူပြီး မြန်မာနိုင်ငံ မှာလည်း ဒီလိုပုံစံမျိုးပြုလုပ်ရောင်းချဖို့ စိတ်ကူးရခဲ့တာပါ။
‘’စရောင်းတုန်းကတော့ ကြက်ကြော်ပဲရောင်းတာ။ ကြက်သံပုံးကင်ရောင်းဖြစ်တာက (၇) နှစ်လောက်ရှိပြီ။ ပြည်ပ ဘုရားဖူးသွားရင်းနဲ့ ဆော်ဒီတို့ထိုင်းတို့မှာ ကြက်သံပုံးကင်ရောင်းနေတာတွေ့ပြီး ဒီမှာလဲ အဲ့ဒီလို ကင်ရောင်းဖို့ စိတ်ကူးရခဲ့တာပါ။ဒီမှာရောင်းမယ်ဆိုတော့ ကိုယ့်မြန်မာအကြိုက်ဖြစ်အောင် အရသာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ စပ်ပြီး တီထွင်ရတာပေါ့။ အဲဒီကနေပြီးတော့ အားလုံးကြိုက်တဲ့ ကြက်သံပုံးကင်ရောင်းဖြစ်လာတာပါလို့”ကိုမျိုး၀င်းက ပြောပါတယ်။
Photo : Myat Su
တစ်ရက်ကို ကြက်အကောင်(၃၀၀)ထိရောင်းအားကောင်းခဲ့
ကြက်သံပုံးကင်စတင်ရောင်းချစဉ်က တစ်ရက်ကို ကြက်အကောင် (၃၀၀) နီးပါးထိ ရောင်းချရပြီး CP ကြက်ကင် တစ်ကောင်ကို (၈,၀၀၀) ကျပ်ဝန်းကျင်နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကုန်စျေးနှုန်း တတ်လာတဲ့ အတွက် CPကြက်ကင် တစ်ကောင်ကို (၁,၁၀၀၀)ကျပ်နဲ့ရောင်းချပြီး ဒီကာလမှာတော့ တစ်ရက်ကို ကြက်အကောင် ၁၀၀ ခန့်သာ ရောင်းချရတယ်လို့ ကြက်ကင်ဆိုင်ရှင် ကိုမျိုး၀င်းကပြောပါတယ်။
“ အခုက ကုန်စျေးနှုန်းတတ်လာတော့ တစ်ကောင်စားတဲ့နေရာမှာ တစ်ခြမ်းစားကြတာပေါ့။ ကုန်စျေးနှုန်းတတ်လာလို့ စျေးပြင်လိုက်ရပေမယ့် ကုန်စျေးနှုန်း ကျသွားမယ်ဆို အရင်လို စျေးသက်သက်သာသာနဲ့ ပြန်ရောင်းပေး ချင်ပါတယ်” လို့ ကိုမျိုး၀င်းကဆိုပါတယ်။
Photo : Myat Su
လမ်းဘေးဆိုင်လေးကနေ ဆိုင်ခွဲတွေဖွင့်နိုင်ဖို့အထိ ရည်ရွယ်
ဒီကြက်သံပုံးကင်ဆိုင်လေးက လမ်းဘေးဆိုင်လေးကနေ ဆိုင်ခန်းလေးနဲ့ ဖြစ်လာတာ (၈) လဝန်းကျင်ပဲ ရှိပါသေးတယ်။ ဒီဆိုင်လေးကရတဲ့ ဝင်ငွေနဲ့ မိသားစု၀င်တွေအားလုံး အဆင်ပြေပြေရပ်တည်နိုင်တဲ့ စီးပွားရေးလုပ်ငန်းလေးဖြစ်တာကြောင့် ဒီထက်ပိုမိုအောင်မြင်အောင် ဆက်လက်လုပ်ဆောင်လိုတဲ့စိတ်ကူးတွေလည်း ကိုမျိုး၀င်းမှာရှိနေပါတယ်။
“အရင်တုန်းက မဟာဗန္ဓုလမ်းနဲ့ ဗိုလ်အောင်ကျော်လမ်းထောင့်မှာ ရောင်းတာ လမ်းဘေးဆိုင်လေးပေါ့။ အခုဆိုင်ခန်းနေရာလေးမှာဖွင့်တာက (၈) လလောက်ပဲရှိသေးတယ်။ ကလေးတွေလည်း ကြီးလာပြီဆိုတော့ လမ်းဘေးမှာပဲ ရောင်းတာထက် ဆိုင်ခန်းလေးနဲ့ဆိုရင် ပိုအဆင်ပြေမယ်ဆိုပြီး ပြောင်းဖွင့်ဖြစ်တာပါ။ ဒီဆိုင်လေးအထိုင်ကျသွားရင်တော့ ဆိုင်ခွဲတွေထပ်ဖွင့်ဖို့ စိတ်ကူးတွေရှိတယ်။”လို့ ကိုမျိုး၀င်းကပြောပါတယ်။
Photo : Myat Su
Pa Par ယိုးဒယား ကြက်သံပုံးကင်ဆိုင်လေး လိပ်စာနဲ့ ဈေးနှုန်းတွေက
Pa Par ကြက်သံပုံးကင်ဆိုင်လေးမှာတော့ CP ကြက်သံပုံးကင် တစ်ကောင်- ၁၁,၀၀၀၊ ဗမာကြက်သံပုံးကင် တစ်ကောင်- ၁၂,၀၀၀၊ ကောက်ညှင်းကြက်ကင်တစ်ကောင်-၁၃,၀၀၀၊ ဘဲကင်တစ်ကောင်-၁၈,၀၀၀ နဲ့ ကြက်ကြော် တစ်တုံး-၂,၀၀၀ဖြစ်ပါတယ်။ ဒါ့အပြင် ကြက်အရေခွံ၊ ကြက်သဲကြက်မြစ်၊ ပေါင်၊ ရင်ပုံနဲ့ မာလာရှမ်းကော၊ မြေအိုးမြီးရှည်၊ အထောင်းပေါင်းစုံလည်း ရရှိနိုင်ပါတယ်။ ဆိုင်နေရာလေးကတော့ လမ်း(၄၀)နှင့် ဗိုလ်အောင်ကျော် လမ်းကြား အနော်ရထာလမ်းမကြီးပေါ်မှာဖြစ်ပါတယ်။ ဆိုင်လေးကိုတော့ မနက် (၁၀) နာရီကနေ ည(၈) နာရီအထိ နေ့စဉ်ဖွင့်လှစ်ထားပါတယ်။ ဒါကြောင့်မို့ မြို့ထဲဘက်ရောက်တဲ့အခါ Pa Par ယိုးဒယားကြက်သံပုံးကင်နဲ့ ယိုးဒယားအထောင်းမျိုးစုံကို မြည်းစမ်းကြည့်ဖို့အတွက် ညွှန်းပေးလိုက်ပါတယ်။
Photo : Myat Su