ဆိုင်ရှေ့ကဖြတ်သွားရင် အနံ့နဲ့တင် စားချင်လာအောင်ခံစားရစေတဲ့ ကိုတက်လူအထောင်းဆိုင်ပဲဖြစ်ပါတယ်။
ဒီဆိုင်မှာ ရခိုင်လက်ရာနဲ့ ယိုးဒယားလက်ရာ အထောင်းစုံနဲ့ အသုပ်စုံတွေ ရောင်းတာပါ။ ရခိုင်လက်ရာအထောင်းတွေအတွက် ရခိုင်ကတိုက်ရိုက်မှာတဲ့ ငါးပိကိုသုံးပြီး မန်ကျည်းသီးလေးနဲ့ ထောင်းပေးပါတယ်။ လမ်းသွားရင်းနဲ့ ဆိုင်ရှေ့ဖြတ်သွားသူတွေက သင်္ဘောသီးထောင်းအနံ့ရလို့ ဝယ်စားသွားလေ့ရှိကြပါတယ်။
ကိုယ်ပိုင်စီးပွားရေးအနေနဲ့ စခဲ့
ဆိုင်ရှင်ဟာဆိုရင် အရင်က ကုမ္ပဏီမှာမန်နေဂျာအနေနဲ့ လုပ်ခဲ့တာဖြစ်ပြီး ကိုယ်ပိုင်စီးပွားရေးအနေနဲ့ ရခိုင်အထောင်းတွေကို စမ်းပြီးရောင်းကြည့်ခဲ့တာပါ။သင်္ဘောသီး တစ်မျိုးတည်းရောင်းခဲ့ရင်း စားသုံးသူတွေတောင်းဆိုကြတဲ့အတွက်မီနူးတွေထပ်တိုးကာေရာင်းဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ စရောင်းကတည်းက အားပေးခဲ့ကြတဲ့စားသုံးသူတွေအပြင် တကူးတက လာရှာ၀ယ်စားကြသူတွေလည်းရှိတယ်လို့သိရပါတယ်။
ရခိုင်လူမျိုး ရခိုင်လက်ရာနဲ့ရခိုင်ထောင်း
မန်ကျည်းသီးအစိမ်းကိုပဲ သုံးပြီးထောင်းတဲ့အတွက်ကြောင့် အနံ့က စားသုံးသူေတွကို ပိုဆွဲေဆာင်နိုင်တာလို့ သိရပါတယ်။ရခိုင်လူမျိုး ဖြစ်လို့ ရခိုင်ထောင်းတွေ အတွက်အခက်အခဲ သိပ်မရှိပေမယ့် ယိုးဒယားထောင်းတွေ အတွက်ကတော့ လက်ရာကောင်းဖို့အကြိမ်ကြိမ် ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ လက်ရာပိုကောင်းလာပြီး လူကြိုက်လည်း များလာလို့ ပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။
သင့်တင့်တဲ့ဈေးနှုန်း
ဓာတုဗေဒပစ္စည်း ပါဝင်ပစ္စည်းတွေကို မသုံးဘဲ တတ်နိုင်သမျှ သဘာဝအတိုင်း လုပ်ပေးတယ်လို့လည်း ဆိုင်ရှင်က ပြောပြပါတယ်။ အထောင်းတွေကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ ရောင်းပေးပြီး ပင်လယ်စာ အထောင်းတွေဆိုလည်း တစ်ပွဲ တစ်သောင်း တောင်မကျော်တဲ့ ဈေးနှုန်း (၈၀၀၀)နဲ့ ရောင်းပေးတာပါ။
လိပ်စာ
စားသုံးသူတွေက ရပ်ဝေးနေရာတွေက တကူးတက လာရှာစားကြတာရှိသလို တစ်ခါစားဖူးရင် အိပ်မက်ထဲတောင် ထည့်မက်တယ်လို့လည်း ပြန်ညွှန်းကြတာပါ။ ကိုတက်လူရဲ့ အထောင်းစုံကို စားရမယ့် ဆိုင်ရဲ့လိပ်စာကတော့ လှည်းတန်းကျောင်းရှေ့မှာ ဖြစ်ပြီး လှည်းလေးနဲ့ ရောင်းပါတယ်။