တောင်ဥက္ကလာ နန္ဒဝန်ဈေးရှေ့က အနံ့အရသာသင်းသင်းလေးနဲ့ မလေးရှားစတိုင်ငါးကင်က အနီးအနားက ဖြတ်သွားသူတွေကို အမြဲဆွဲဆောင်နေတဲ့ Street Food ဆိုင်လေးဖြစ်ပါတယ်။ ဒီဆိုင်လေးကတော့ မလေးရှားမှာ စားဖိုမှူးလုပ်ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ အစားအသောက်တွေကို မလေးရှားစတိုင် ရောင်းချနေတဲ့ Chef Wai Lu ရဲ့ ငါးကင်ဆိုင်လေးပဲ ဖြစ်ပါတယ်။
မလေးရှားမှာစားဖိုမှူးလုပ်ခဲ့သူကိုယ်တိုင်ဖွင့်ထားတဲ့ မလေးရှားငါးကင်ဆိုင်
ဦးဝေဠုကတော့ မလေးရှားနိုင်ငံမှာ (၁၄) နှစ်ခန့် စားဖိုမှူးလုပ်ခဲ့တဲ့ အတွေ့အကြုံတွေကို အရင်းခံပြီး နန္ဒဝန်စျေးလမ်းမပေါ်မှာ မလေးရှားငါးကင်ကို စတင်ရောင်းချခဲ့ပါတယ်။ သာမန်ငါးကင်တွေနဲ့ ပုံစံမတူဘဲ အနံ့အရသာမတူ ကွဲပြားနေတာကြောင့် စားသုံးသူတွေအတွက် ထူးခြားနေခဲ့တယ်လို့ဆိုပါတယ်။
" မလေးရှားကပြန်လာပြီး ၄နှစ်လောက် ကတည်းက ဖွင့်ခဲ့တာ။ မလေးရှားစတိုင်ဖက်ရွက်ကလေးနဲ့ အကောင်(၁၅) ကောင် လောက်နဲ့စမ်းကင်ပြီး ရောင်းခဲ့တယ်။ စစရောင်းချင်းနေ့ပဲ ရောင်းရတယ်။ အကုန်ရောင်းရပါတယ်။ စားနေကြငါးကင်တွေထက်တစ်မျိုးတော့ဖြစ်နေတာပေါ့။ မီးသွေးတွေနဲ့ကင်တဲ့ငါးကင်နဲ့ မတူဘဲနဲ့ ဌက်ပျောရွက်လေးနဲ့အပေါ်က အနှစ်ကလေးခင်း ငါးကင်လေးပေါ် အနှစ်ကလေးနဲ့အုပ် ပြီးရင် ဌက်ပျောရွက်လေးနဲ့ ဟိုဘက်ဒီဘက် ကင်တယ်။ ရုံးပတီသီးလေးတွေ ပဲသီးလေးတွေနဲ့ အနှစ်တွေနယ်ပြီး ငါးကင်အပေါ် တင်ပေးလိုက်တဲ့အခါ ဒါတစ်မျိုးပဲပေါ့ ဆိုပြီး စမ်းစားရင်းစားရင်း နဲ့ ဧည့်သည်ပိုပြီးတော့များလာတာပေါ့"ဆိုပြီး ကိုဝေဠုက သူ့ရဲ့ မလေးရှားစတိုင်ငါးကင်အကြောင်း အခုလို ပြောပြခဲ့ပါတယ်။
နန္ဒဝန်စျေးတစ်လျှောက် အနံ့နဲ့တင် ဆွဲဆောင်မှုရှိနေတဲ့မလေးရှားငါးကင်
နန္ဒဝန်ဈေးကိုရောက်တဲ့အခါ မလေးရှားငါးကင်ဆိုင် ရှေ့ဖြတ်လျှောက်လိုက်တာနဲ စစချင်းသတိထားမိနေတာကတော့ ငါးကင်အနံ့လေးပါ။ မလေးရှားမဆလာနံ့မွှေးမွှေး လေးက အနံ့ရရုံနဲ့တင် သေချာပေါက် မြည်းစမ်းချင်စိတ်ရှိနေမှာတော့အမှန်ပါပဲ။ ငါးကင်လေးမှာ မဆလာအနှစ်အနံ့နဲ့ ဖက်ရွက်အနံ့နှစ်ခု ပေါင်းစပ်မှုကတော့ တကယ့်ကိုအကြိုက်တွေ့စရာပါ။
"ပါဝင်တဲ့ပစ္စည်းတွေကတော့ မလေးရှားမဆလာပေါ့ ။မလေးရှားတို့ စင်ကာပူတို့ဆီမှာသုံးတဲ့ Sauce ကိုအဓိက သုံးထားတယ်။ မလေးရှားမှာကတည်းက ( ၁၄) နှစ်လောက်နေပြီးသင်လာခဲ့တာပါ။ ဒီမှာရောင်းရောင်းချင်း လူတွေက အံ့သြတာပေါ့။ ဘာငါးကင်လဲ ဆိုပြီး ဦးက ငါးကို အကောင်လိုက်ကင်တာ မဟုတ်ဘူး။ ငါးကိုတစ်ခြမ်းလေးခွဲ ဗိုက်ထဲက အညစ်အကြေးတွေ အကုန်လုံးကို ကိုသန့်စင်ပြီးတော့ ကင်တဲ့အခါကျတော့လူတွေက ဒါဘာလဲဆိုပြီးထူးဆန်းကြတာပေါ့။ သူများက အကောင်လိုက်ကင်တယ်။ ဦးက ခွဲထားတယ်။ ဌက်ပျောရွက်လေးနဲ့ဆိုတော့ လူတွေက မစားဖူးလည်း ဝင်ကြည့်ရင်း၊ ဝယ်သွားရင်းနဲ့ ဧည့်သည် ပိုများလာတာပါ"ဆိုပြီး ဆိုင်စဖွင့်တုန်းက အတွေအကြုံတွေအကြောင်းပြောပြလာပါတယ်။
(၁၅) ကောင်ကနေ တစ်နေ့ကို အကောင် (၈၀) ကျော်အထိ ရောင်းရတဲ့အခြေအနေဖြစ်လာ
ဆိုင်လေးစဖွင့်တုန်းက တစ်နေ့ကို (၁၅) ကောင် ခန့်လောက်ရောင်းရတယ်လို့ သိရပါတယ်။ အခုဆို ဆိုင်သက်တမ်းကလည်း (၄) နှစ်ဝန်းကျင်ရှိနေပြီး ဖောက်သည်တွေလည်း တစ်ဖြည်းဖြည်းများလာခဲ့ပြီးနောက် တစ်နေ့ကို ငါးအကောင်ရေ (၈၀) ကျော်အထိ ရောင်းနေရတဲ့ အခြေအနေဖြစ်ပါတယ်။ ပုစွန်၊ ဂဏန်း၊ ရေဘဝဲ တို့ပါ အပါဆိုရင်တော့ တစ်နေ့ကို အကောင် (၁၀၀) အထက် ရောင်းချနေရတယ်လို့သိရပါတယ်။
ဒီဆိုင်မှာငါးကင်အပြင် တခြားရနိုင်တဲ့အစားအသောက်များ
Chef Wai Lu မလေးရှားငါးကင်ဆိုင်မှာတော့ မဆလာအနှစ် နဲ့ ပြုလုပ်ထားတာဲ့ ဂဏန်း၊ ပုစွန်ဟင်း၊ ပြည်ကြီးငါး၊ ရေဘဝဲ ဟင်းပွဲများကို ရရှိနိုင်ပြီး ချဥ်ချဥ်စပ်စပ်ကိုမှ အရည်လေးနဲ့သောက်ချင်သူတွေအတွက် လည်း ချဥ်စပ် ဟင်းရည်ပွဲလေးတွေပြုလုပ်ပေးပါတယ်။
ဒါတင်မကသသေးပါဘူး။ မလေးရှားပုံစံ ကတ်ကြေးကိုက်တို့ကိုလည်း ရရှိနိုင်ပါတယ်။ စျေးနှုန်းတွေကတော့ မလေးရှားစတိုင် တီလားဗီးယားငါးကင်တစ်ကောင်ကို (၇,၀၀၀) ကျပ်နဲ့ ကားကတစ်ငါးကင်ကိုတော့ (၁၂,၀၀၀) ကျပ်တို့ပဲ ဖြစ်ပါတယ်။
ဦးဝေဠုငါးကင်ကို မြည်းစမ်းကြည့်ချင်သူတွေအတွက် လိပ်စာ
Chef Wai Lu မလေးရှားငါးကင်ဆိုင်ကတော့ နန္ဒဝန်စျေးလမ်းမပေါ် မှာတစ်ဆိုင်နဲ့ အခုဆိုရင် မြောက်ဒဂုံမှာလည်း ဆိုင်ခွဲတစ်ဆိုင် ဖွင့်လှစ်ထားပါတယ်။ မြောက်ဒဂုံဆိုင်ကိုတော့ ပင်လုံလမ်းမကြီးပေါ် မဝတလမ်းဆုံ မီးပ္ပိုင့်အနီးမှာ ဖွင့်လှစ်ထားပြီးဆိုင်ဖွင့်ချိန်ကတော့ မွန်းလွဲ ( ၃) နာရီကနေ ည (၉)နာရီအထိ ဖွင့်လှစ်ထားပါတယ်။