ငါးခေါင်းမြစ်ချဥ်ဟင်းက ငါးမကြိုက်ဘူးဆိုတဲ့သူတွေကိုတောင်စားကြည့်ချင်လာအောင်စွဲဆောင်နိုင်တဲ့ ကချင်ဒေသခံတွေရဲ့နာမည်ကြီးဟင်းလျာဖြစ်ပါတယ်။ဒီဟင်းလျာကို ရန်ကုန်မြို့မှာပဲ ကချင်ပြည်နယ်က အရသာအတိုင်းရရှိနိုင်တဲ့ဆိုင်လေးကိုပြောပြပေးချင်ပါတယ်။
ဖားကန့်ကနာမည်ကြီးထမင်းဆိုင်
ကချင်ပြည်နယ်ဖားကန့်မြို့ ဆိုင်းတောင်က မွှေးမိသားစုမြန်မာထမင်းဆိုင်ကတော့ သူ့အရပ်သူ့ဒေသမှာ လူသိများတဲ့ဆိုင်လေးပါ။ဆိုင်သက်တမ်းနှစ်၂၀ကျော်ပြီဖြစ်ကာ လက်ရာကောင်းပြီးဟင်းအမယ်စုံရတဲ့ ထမင်းဆိုင်လေးဖြစ်ပါတယ်။အခုဒီဆိုင်လေးကရန်ကုန်မြို့မှာ ဆိုင်ခွဲဖွင့်လှစ်ထားပါတယ်။ ဟင်းချက်ရာမှာသုံးတဲ့ အဓိကပါ၀င်ပစ္စည်းတွေကို ကချင်ပြည်နယ်ကနေသာ မှာယူသုံးစွဲပြီး ဒေသခံတွေကိုယ်တိုင်ရောင်းချတဲ့ဆိုင် လေးမို့ ကချင်စာထမင်းဟင်းကိုစားချင်သူတွေ အကြိုက်တွေ့စေမယ့်ဆိုင်လေးပါ။
“အမတို့ဆိုင်မှာက ကချင်လက်ရာထမင်းဟင်းတွေကို ဒေသလက်ရာအတိုင်းလေးစားရမှာပါ။ အမတို့ဆိုင်းတောင်ကဆိုင်မှာချက်ရောင်းသလိုပဲဒီမှာရောင်းတာ။ကချင်ငါးခေါင်းမျှစ်ချဥ်ဟင်းကတော့ အမတို့ဆိုင်ရဲ့နာမည်ကြီးဟင်းပဲ ကချင်စာကိုဒေသလက်ရာလေး စားချင်တယ်ဆိုအမဆိုင်လေးကို လာကြည့်ပါ“လို့ မွှေးမိသားစုထမင်းဆိုင်ရှင်မကြူကြူမွှေးကပြောပါတယ်။
မိဘအမွေအနှစ်မို့ တန်ဖိုးထားကြိုးစား
ဒီဆိုင်လေးကိုတော့ မကြူကြူမွှေးတို့မိဘတွေလက်ထပ်ကစတင်ခဲ့တာဖြစ်ပြီး မိသားစု၀င်တွေစည်းစည်းလုံးလုံးနဲ့ကြိုးစားစတင်ခဲ့တဲ့ဆိုင်လေးမို့ မွှေးမိသားစုမြန်မာထမင်းဆိုင်လို့ဖခင်ဖြစ်သူက အမည်ပေးခဲ့ကြောင်းလဲ မကြူကြူမွှေးကပြောပြပါတယ်။ဆိုင်းတောင်ကဆိုင်ကိုတော့ ညီမဖြစ်သူကဦးစီးနေပြီး သူကတော့မိဘလက်ငုပ်လက်ရင်းကိုပိုတိုးချဲ့ချင်တဲ့စိတ်ကူးနဲ့ရန်ကုန်မှာဆိုင်ခွဲလာဖွင့်တာလို့ ဆိုပါတယ်။
“အမတို့ညီမနှစ်ယောက်ကို ထမင်းဆိုင်လုပ်ငန်းနဲ့ပတ်သက်ပြီး အဖေနဲ့အမေကသေချာသင်ပေးပြီး လက်ဆင့်ကမ်းခဲ့တာပေါ့ ဒီအလုပ်နဲ့ပဲအမတို့မိသားစုအခုထိရပ်တည်နေတာဆိုတော့ ဒီအလုပ်ကို တန်ဖိုးထားတယ်။အခုအမကရန်ကုန်မှာဆိုင်ခွဲဖွင့်ပြီး အောင်မြင်အောင်ကြိုးစားနေပါတယ်။”လို့ မကြူကြူမွှေးကပြောပါတယ်။
အနံ့ရတာနဲ့ဗိုက်ဆာမယ့် ကချင်ငါးခေါင်းမျှစ်ချဥ်ဟင်း
ကချင်ငါးခေါင်းမျှစ်ချဥ်ဟင်းလို့ဆိုလိုက်တာနဲ့ ကချင်ပြည်နယ်ကိုရောက်ဖူးလို့စားဖူးသူတွေကတော့ ထမင်းမြိန် စေမယ့်ဟင်းတစ်ခွက်ဆိုတာကိုသိကြပါတယ်။ကချင်ငါးခေါင်းမျှစ်ချဥ်ဟင်းရဲ့ထူးခြားချက်တော့ ကချင်ပြည်နယ် ထွက်မျှစ်ချဥ်နုနုလေးကို ဝက်နံရိုးနဲ့အချိန်ကြာကြာပြုတ်ထားပြီးမှ ငါးခေါင်းအပါအ၀င်အသားအစုံအလင်နဲ့ချက် ထားတာပါ။ချဥ်ချဥ်စပ်စပ်လေးနဲ့သောက်လို့ကောင်းလှတဲ့ဒီအရည်သောက်ဟင်းလေးကကချင်ဒေသခံ တွေကြားနာမည်ကြီးဟင်းလျာလဲဖြစ်ပါတယ်။
“ငါးခေါင်းမျှစ်ချဥ်ဟင်းက အမတို့ကချင်ပြည်နယ်ကချက်စားတဲ့ပုံစံပါ။အမတို့ပြည်နယ်ထွက် မျှစ်ဖူးနုနုလေး တွေကိုဝက်နံရိုးနဲ့တနေ့လုံးအချိန်ပေးပြုတ်ထားတယ်ပြီးမှချက်တာ။ငါးဆိုလည်းကြော်ပြီးမှထည့်တော့ ငါးညှီနံမရှိဘဲမွှေးတယ်။ပြီးတော့ဝက်မှိုလုံး၊ဝက်သည်း၊ကြက်သည်း၊ကြက်အမြစ်၊ငါးဖယ်လုံးအဲ့လိုအစုံထည်တယ်။ ဒီဟင်းလေးကလေ အရတာနဲ့အမတို့တောင်ဗိုက်စာပါတယ်လို့”မွှေးမိသားစုထမင်းဆိုင်ရှင် မကြူကြူမွှေးကဆိုပါတယ်။
အစားစာတွေရဲ့စျေးနှုန်းက
မွှေးမိသားစုမြန်မာထမင်းဆိုင်မှာတော့ ကချင်ချက်ဟင်းလျာတွေအပါအ၀င် ဗမာထမင်းဟင်းတွေလည်း ရရှိနိုင်ပါတယ်။စျေးနှုန်းအနေနဲ့ထမင်းနဲ့ဟင်းစားမယ်ဆိုရင် တခါပြင်ပုံစား(၃၅၀၀)ကျပ်နဲ့အဝစား(၅၅၀၀)ကျပ် ဖြစ်ပါတယ်။ငါးခေါင်းမျှစ်ချဥ်ဟင်းကတော့စနေနေ့တိုင်းပုံမှန်ရပြီး ပွဲသေး(၁၇၅၀၀)နဲ့ ပွဲကြီး(၃၅၀၀၀)ကျပ်ပါ။ ပွဲသေးတစ်ပွဲကို လေးယောက်လောက်စားသုံးနိုင်ပါတယ်။ဒါ့အပြင် ဒီဆိုင်မှာအုန်းထမင်းလည်းရပါတယ်။ မနက်စာအနေနဲ့လည်း မျှစ်ချဥ်ခေါက်ဆွဲနဲ့တခြားဒေသစာလေးတွေရရှိပါသေးတယ်။
လိပ်စာ
ဆိုင်လိပ်စာလေးက တောင်ဥက္ကလာမြို့နယ်၊စာဂလမ်းနှင့်(၁၉)လမ်းထောင့်မှာဖြစ်ပြီးဖုန်းနံပါတ် 09400012811၊ 09-694188811ကိုဆက်သွယ်နိုင်ပါတယ်။ဆိုင်ဖွင့်ချိန်က မနက်၇နာရီ ကနေည၇နာရီထိဖြစ်ပါတယ်။ ဖားကန့်မြို့ရဲ့ နာမည်ရထမင်းဆိုင်လက်ရာကို ရန်ကုန်ကစားသုံးသူတွေ မြည်းစမ်းကြည့်နိုင်ဖို့ညွှန်းဆိုပေး လိုက်ပါတယ်။