ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အပြောင်းအရွှေ့စျေးကွက်မှာ အသင်းရဲ့လုပ်ရည်ကိုင်ရည်ကို စိုးရိမ်ပူပန်နေတယ်လို့ ကောလာဟလတွေထွက်ပေါ်လာခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိနွေစျေးကွက်မှာ အခုချိန်ထိ ကစားသမားသစ်မခေါ်ယူနိုင်သေးပါဘူး။
ဦးစားပေးအဖြစ်သတ်မှတ်ကြိုးစားနေတဲ့ ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကို ခေါ်ယူဖို့အတွက် ဘာစီလိုနာဘက်က ယူရိုသန်း (၁၀၀) ဝန်းကျင်အထိ စျေးကိုင်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒါ့အပြင် အဲရစ်ဆင်၊ တင်မ်ဘာတို့ကို ခေါ်ယူဖို့ကြိုးစားမှုမှာလည်း တင်မ်ဘာကိစ္စက လုံးဝပျက်ပြယ်သလောက် ဖြစ်သွားခဲ့ရပါတယ်။
နည်းပြသစ် တန်ဟက်ခ်ဟာ ကစားသမားသစ် အနည်းဆုံး (၅) ယောက်ဝန်းကျင် အလိုရှိနေပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိကို ယူနိုက်တက်တို့ သေချာရေရာတဲ့ အပြောင်းအရွှေ့တခုမှ မပြုလုပ်နိုင်သေးပါဘူး။ အဲ့ဒါကြောင့်လည်း ရော်နယ်ဒိုက ဒီအပေါ်မှာ စိုးရိမ်ပူပန်နေတယ်လို့ သတင်းတွေက ဖော်ပြလာတာပါ။ ရော်နယ်ဒိုဟာ လက်ရှိစပိန်နိုင်ငံမှာ မိသားစုနဲ့အတူ အနားယူအပန်းဖြေနေပါတယ်။
လာမယ့်ရာသီဟာ ရော်နယ်ဒိုအတွက် ယူနိုက်တက်ကစားသမားဘဝ နောက်ဆုံးရာသီဖြစ်လာဖို့ရှိပြီး ရော်နယ်ဒိုက ဆုဖလားအောင်မြင်မှုတွေနဲ့ နှုတ်ဆက်သွားဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် မန်စီးတီးက ဟာလန်း၊ လီဗာပူးက ဒါဝင်နူနက်ဇ်တို့ကို ခေါ်ယူထားချိန်၊ အာဆင်နယ်နဲ့စပါးတို့ ကစားသမားသစ်တွေ ခေါ်ယူနေချိန်မှာ ယူနိုက်တက်ရဲ့ လှုပ်ရှားမှုက အားရစရာမရှိပါဘူး။
ရော်နယ်ဒိုဟာ တန်ဟက်ခ်လက်ထက်မှာ အောင်မြင်မှုရယူဖို့ ပစ်မှတ်ထားနေပေမယ့် အခုချိန်မှာတော့ ရာသီသစ်အတွက် သံသယတွေရှိလာတယ်လို့ စပိန်နာမည်ကျော် AS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဥ်တွေ ပြန်လည်စတင်ဖို့ကလည်း အချိန်တပတ်တောင် မကျန်ရှိတော့ပါဘူး။
တန်ဟက်ခ်ဟာ ကစားသမားအပြောင်းအရွှေ့တွေကို အလျင်အမြန်ပြုလုပ်ပြီး ကစားသမားသစ်တွေကို ရာသီကြိုပြင်ဆင်မှုမှာ အပြည့်အဝ ပူးပေါင်းစေဖို့ ဆန္ဒရှိခဲ့တာပါ။ ဒါပေမယ့် အခုအနေအထားနဲ့တော့ ခက်ခဲနိုင်ဖွယ်ရှိပါတယ်။ ရော်နယ်ဒိုအနေနဲ့တော့ အသင်းရဲ့လှုပ်ရှားမှုအပေါ် အားမရသည့်တိုင် စာချုပ်သက်တမ်းကုန်တဲ့အထိတော့ အသင်းမှာဆက်နေသွားဖို့ ဆုံးဖြတ်ပြီးဖြစ်ပါတယ်။