သဘာဝတရားကြီးရဲ့ အလှအပတွေအားလုံးကို ဘားအံမြို့မှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။

ဘယ်နေရာကို လည်ပတ်သွားရောက်ရမလဲ ခေါင်းခြောက်နေကြသူတွေအဖို့ ဒီနေ့တော့ လည်ပတ်စရာပေါများလှတဲ့ ဘားအံမြို့လေးအကြောင်း ပြောပြချင်ပါတယ်။ ဘားအံမြို့ဟာ ရန်ကုန်မြို့နဲ့ မနီးမဝေးမြို့တစ်မြို့ဖြစ်ပြီး လမ်းပန်းခရီးလည်း အဆင်ပြေလွယ်ကူတဲ့မြို့လေးပါ။ ရန်ကုန်လို တောတောင်သဘာဝတရားတွေရှားပါးတဲ့သူတွေအဖို့ ဘားအံမြို့ကို သွားရောက်လည်ပတ်ရတာဟာ ဘဝရဲ့လိုအင်ဆန္ဒတွေအားလုံးပြည့်မြောက်သွားတဲ့ ခံစားချက်မျိုးကို ရလိုက်သလို ခံစားရစေမှာပါ။



တောတောင်၊ ရေအိုင်၊ ဂူ နဲ့ ရေတံခွန်‌ စတဲ့ သဘာဝတရားကြီးရဲ့လက်ဆောင်တွေအားလုံးကို ဘားအံမြို့မှာအစုံအလင် ရှာတွေ့နိုင်ပြီး မြန်မာနိုင်ငံက Travel Vlogger အများစုရဲ့ လာရောက်လည်ပတ်ဖို့ မှတ်ချက်အပေးခံရဆုံးနေရာတစ်ခုဆိုလည်း မမှားပါဘူး။ ဒါကြောင့်မို့ ဘားအံမြို့ရဲ့ အထင်ကရနေရာအချို့ကို ခရီသွားတွေလေ့လာနိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ်။


ဇွဲကပင်တောင်



ဇွဲကပင်တောင်ဟာ ဘားအံမြို့ရဲ့ ၇ မိုင်အကွာမှာရှိနေပေမယ့် ဘားအံမြို့ရဲ့ နှလုံးသားလို့ ညွှန်းဆိုရမလိုပါပဲ။ အခုလို မိုးရာသီမျိုးမှာဆိုရင်တော့ ဇွဲကပင်တောင်တဝိုက်မှာ အေးစိမ့်စိမ့်ပတ်ဝန်းကျင်နဲ့မြူခိုးတွေဆိုင်းနေတာကို‌တွေ့နိုင်မှာပါ။ ဇွဲကပင်တောင်ထိပ်ဟာ အဲ့ဒီဒေသရဲ့အမြင့်ဆုံးနေရာဖြစ်တာကြောင့် တောင်ပေါ်ကနေမြင်ရတဲ့ရှုခင်းအလှဟာ မြင်ရသူအဖို့တော့ရင်သပ်ရှုမောဖွယ်ဖြစ်ရပါတယ်။ တောင်ပေါ်တက်ဖို့ဆိုရင်တော့ မိုးရာသီဖြစ်တဲ့အလျောက်ရံဖန်ရံခါမိုးများတတ်တာ‌မို့ ရာသီဥတုအခြေအနေပေါ်မူတည်ပြီး တက်သင့်ပါတယ်။ တောင်ပေါ်စတင်တက်ခါနီးမှာ ခပ်ပြေပြေလေးရှိပေမယ့် တောင်ပေါ်ရောက်ခါနီးမှာ မတ်စောက်လာတာ‌ကြောင့် လှေကားထစ်တွေတည်‌ဆောက်ပေးထားပါတယ်။ တောင်တက်လမ်းက အရှေ့လမ်းနဲ့ အနောက်လမ်း နှစ်လမ်းရှိပြီး သင့်သလိုတက်နိုင်ပါတယ်။ အတက်က ၂ နာရီကနေ ၃ နာရီလောက်ထိကြာနိုင်ပြီး အဆင်းကတော့ ၁ နာရီခွဲလောက်ပဲဆိုတော့ နေ့ချင်းပြန် တောင်တက်ခရီး တက်ချင်သူတွေအတွက် အတော့်ကိုအဆင်ပြေစေမှာပါ။ တောင်ခြေမှာ ဗုဒ္ဓရုပ်ပွားတော်ပေါင်း ၁၁၀၀ တည်ထားတဲ့ လုမ္ဗိနီဥယျာဉ်ကို တွေ့နိုင်ပြီး တောင်ထိပ်မှာတော့ ဆံတော်ရှင်စေတီတော်ကို ဖူးတွေ့နိုင်မှာပဲဖြစ်ပါတယ်။


တောင်ဝိုင်းတောင်



တိမ်တွေကိုနောက်ခံထား၊ တောင်တန်းကြီးတွေနဲ့ အထက်စီးက‌နေရိုက်ကူးထားတဲ့ ဓာတ်ပုံ‌တွေဟာ "ငါတို့မြန်မာနိုင်ငံမှာ ဒီလိုနေရာရှိတကယ်ရှိတာလား? " ဆိုပြီး အံ့ဩမှင်သက် သွားစေလောက်တဲ့နေရာကတော့ တောင်ဝိုင်းတောင်ပါ။ တောင်ထိပ်ကို အချိန် ၁ နာရီ၊ ၁ နာရီခွဲလောက်‌ တက်ရုံနဲ့ရောက်နိုင်ပြီး တောင်ပေါ်စေတီကနေ မြင်ရတဲ့မြင်ကွင်းဟာ ရင်သပ်ရှုမောစရာ ကောင်းတာကြောင့် ဘားအံမြို့ကိုရောက်သူတိုင်းရဲ့ ဓာတ်ပုံရိုက်ကူးရာနေရာ ဆိုလည်းမမှားပါဘူး။ ဒါပေမယ့် အခုမှစပြီး တောင်တက်သူဖြစ်မယ်ဆိုရင်တော့ Tour guide ဒါမှမဟုတ် နယ်မြေဒေသ ကျွမ်းကျင်သူတစ်ဦး အတူပါမှသာ အဆင်ပြေနိုင်မှာပါ။ ဘားအံကိုလာလည်ကြတဲ့ခရီးသွားတွေရဲ့ ၈၀% လောက်ဟာလည်း အဲ့ဒီတောင်ဝိုင်းတောင်ကြီးကို ရောက်ဖူးကြတယ်လို့ သိရပါတယ်။


လွန်းညရေပြာအိုင်



"လွန်းည" ဆိုတဲ့နာမည်လေးကတော့ ဘားအံမြို့ အိန္ဒူအကျော် လွန်းညကျေးရွာအနီးမှာတည်ရှိကြောင့် ခေါ်ဆိုရတာဖြစ်ပါတယ်။ ရေပြာအိုင်လေးဟာ သင့်တင့်တဲ့ အကျယ်အဝန်းရှိတာကြောင့် နှစ်စဉ်ခရီးသွားများစွာ လာရောက် အပန်းဖြေလေ့ရှိတဲ့ နေရာလေးပါ။ ရေပြာအိုင်အတွင်းက ရေတွေဟာ တနှစ်ပတ်လုံးနီးပါး အပြာရောင်ရှိပြီး ခုလိုမိုးရာသီအချိန်က‌တော့ ရေကန်ရဲ့ အလှဆုံးအချိန်ပဲဖြစ်ပါတယ်။‌ ရေစိမ်ချင်တယ်ဆိုရင်‌တော့ အနီးမှာဘောကွင်း ငှားရမ်းလို့လည်းရပါသေးတယ်။ ရေပြာအိုင်ကိုသွားရာ လမ်း‌တစ်လျှောက်မှာ လယ်ကွင်းပြင်တွေကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ တံတားရှည်ရှည်လေးတစ်စင်းရှိနေပြီး လွန်းည‌ရေပြာအိုင်ရဲ့အလှကို ပိုပြီးပြည့်စုံသွားစေပါတော့တယ်။


ဆန္ဒန်ဂူ




ဇွဲကပင်တောင်က ဘားအံမြို့ရဲ့ နှလုံးသားဆိုရင် ဆန္ဒန်ဂူက အလှတရားလို့ပြောလို့ရပါတယ်။ ဒေသတွင်း သဘာဝဂူတွေအများအပြားရှိပေမယ့် ဆန္ဒန်ဂူကြီးကတော့ ရှေးအကျဆုံးနဲ့ လာရောက်လည်ပတ်သူ အများဆုံးဂူကြီးပါ။ ဂူထဲဝင်ပြီး လည်ပတ်မယ်ဆိုရင် မိနစ် ၂၀ လောက်သာကြာမြင့်မှာဖြစ်ပြီး ဂူအဝင်အဝမှာတော့ မုန့်ဆိုင်တန်းတွေ၊ ကရင်ရိုးရာအသုံးအဆောင်ဆိုင်ခန်းတွေလည်းရှိပါတယ်။ ဂူရဲ့အဆုံးမှာတော့ လှေဆိပ်ရှိပြီး လှေတစ်စီးကို အများဆုံးလူ ၇ ယောက်အထိ လိုက်ပါနိုင်ပါတယ်။ အစွန်းနှစ်ဖက်ပွင့်နေတဲ့ ရေပေါ်ဂူကြီးထဲကို လှေစီးပြီးလည်ပတ်ရတာကလည်း ဆန္ဒန်ဂူကိုရောက်သူတိုင်းအတွက် တန်းဖိုးမဖြတ်နိုင်တဲ့ အခိုက်အတန့်တစ်ခုပါပဲ။


နောင်ခရိုင်(နောင်ခလိုင်)ရေဂူ



နောင်ခရိုင်ကတော့ ဂူထဲကနေ သဘာဝအလျောက်စီးကျလာတဲ့ ကြည့်လင်သန့်စင်တဲ့ စမ်းရေတွေကို ဆည်ရေကူးကန်လေးအဖြစ် ပုံဖော်တည်ဆောက်ထားတဲ့ နေရာလေးပါ။ သူရဲ့ရေတွေဟာလည်း ရေပြာအိုင်တွေလိုအသွင်ရှိပြီး လာရောက်သူတွေအဖို့ ရေကန်ထဲကိုမဆင်းခင်မှာပဲ ရွှင်လန်းအမောပြေစေပါတယ်။ ဘားအံမြို့နဲ့အနီးဆုံး အပန်းဖြေနေရာဖြစ်ပြီး လှပတဲ့ရှူခင်းတွေနဲ့ သာယာတဲ့ကျေးလက်ရဲ့အငွေ့အသက်တွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ ရေကန်တည်ရှိရာ ကျောက်ဂူနံရံထက်က ကျောက်စက်ပန်းဆွဲကြီးတွေ အပေါ်မှာ တွယ်ကပ်ပေါက်နေကြတဲ့ ကျောက်ကပ်ပန်းအမျိုးမျိုးနဲ့ တောပန်းကလေးတွေကလည်း ရေစိမ်‌ရသူအဖို့ အသက်ဝင်နေတဲ့ က‌ဗျာတစ်ပုဒ်ကိုဖတ်နေရသလိုပါပဲ။ လွန်းညရေပြာအိုင်မှာလို လူများတာမကြိုက်တဲ့သူတွေအတွက် နောင်ခရိုင်ရေဂူဟာ အေး‌အေးဆေးဆေးလေးနဲ့ အပန်းဖြေလို့ကောင်းမယ့်နေရာလေးပဲဖြစ်ပါတော့တယ်။

အခုပြောပြသွားတဲ့ နေရာတွေကတော့ လည်ပတ်စရာပေါများလွန်းတဲ့ ဘားအံမြေထဲက အလှဆုံး ၊ လည်ပတ်သွားလာသူအများဆုံး နေရာတွေပဲဖြစ်ပါတယ်။

ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။ 

Share

Loading Next Article...
က္က