နာမည်ကျော်ဒေသမှာ မြေကွက်ဝယ်ပြီး ဆောက်လုပ်သွားမှာပါ။

ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုဟာ ကစားသမားဘ၀က အနားယူပြီးပါက မိသားစုနဲ့အတူနေထိုင်ဖို့အတွက် ပေါင် ၇ သန်းတန် ဇိမ်ခံအိမ်တလုံးကို ဆောက်လုပ်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။ အသက် ၃၇ နှစ်ပြည့်တော့မယ့် နာမည်ကျော်တိုက်စစ်မှူးဟာ ပေါ်တူဂီနိုင်ငံ၊ အနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ Quinta da Marinha မှာ မြေကွက်ကျယ်ကြီးတခု ဝယ်ယူကာ ဆောက်လုပ်သွားမှာဖြစ်ပါတယ်။

အဆိုပါနေရာဟာ အတ္တလန္တိတ်သမုဒ္ဒရာကို ကောင်းကောင်းမြင်တွေ့ရမှာဖြစ်ပြီး လှပတဲ့ရှုခင်းတွေကို ခံစားရမှာလည်းဖြစ်ပါတယ်။ နာမည်ကျော်ကြားပြီး စျေးနှုန်းကြီးမြင့်တဲ့ ဧရိယာဖြစ်ကာ Portuguese riviera ဆိုတဲ့ နာမည်ပြောင်ကိုပါ ရရှိထားတဲ့နေရာဖြစ်ပါတယ်။ ရော်နယ်ဒိုက မိသားစုနဲ့အတူ အဆိုပါနေရာမှာ အခြေချကာ သူ့ရဲ့ မြက်ခင်းစိမ်းပြင်ပဘ၀ကို ဖြတ်သန်းဖို့ စီမံကိန်းရေးဆွဲထားတာလည်းဖြစ်ပါတယ်။ 

ယူနိုက်တက်တိုက်စစ်မှူးဟာ လစ္စဘွန်းမှာလည်း ၂၀၂၀ တုန်းက အဆိုပါမြို့မှာ ရောင်းချဖူးသမျှတွေထဲက စျေးအကြီးဆုံးနေအိမ်တလုံးကို ဝယ်ယူခဲ့ပါသေးတယ်။ စတုရန်းပေ ၃၁၀၀ ကျယ်ဝန်းပြီး အားကစားခန်းမ ပါဝင်ကာ မိုးလုံလေလုံရေကူးကန်တစ်ခုလည်း ပါဝင်တယ်လို့ သိရပါတယ်။ အခု အသစ်ဝယ်ယူထားတဲ့ မြေကွက်ဆီကိုသွားဖို့ရင်ဆိုတော့ နာရီဝက်ကြာ ကားမောင်းရတယ်လို့လည်း ဆိုပါတယ်။ 

Correio da Manha သတင်းစာက ကစားသမားရဲ့ ပိုင်ဆိုင်မှုအင်ပါယာထဲမှာ အဆိုပါနေရာကို ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပြီး TV 7 Dias က ရော်နယ်ဒိုဟာ မိသားစုနေအိမ်အဖြစ် ဖန်တီးဖို့စီစဉ်နေတာလို့ အခိုင်အမာဖော်ပြခဲ့ပါတယ်။ အဆိုပါနေရာမှာပဲ နေထိုင်သူတဦးက ဒီမြေကို ရော်နယ်ဒိုဝယ်ယူထားတာမှန်ကန်တယ်လို့ မဂ္ဂဇင်းကို အတည်ပြုပြောဆိုခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ ပေါ်တူဂီမှာ နေအိမ်အများအပြားကို ဝယ်ယူထားပြီး မွေးရပ်မြေ Funchal မှာလည်း မိခင်နဲ့ အကိုဖြစ်သူတွေ ဝယ်ယူပေးထားတာတွေရှိနေခဲ့ပါတယ်။ လက်ရှိမှာတော့ ရော်နယ်ဒိုဟာ အနားယူဖို့ကို မဆုံးဖြတ်ရသေးဘဲ မန်ချက်စတာယူနိုက်တက်အတွက် ခြေစွမ်းပြကစားပေးနေကာ လာမယ့် ၂နှစ်လောက်အထိ ဆက်လက်ကစားသွားဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ 

Share

က္က