ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင် ရော်နယ်ဒိုက သူ့အတွက် ကစားသမားဘဝ အဆုံးသတ်ဖို့ အချိန်သိပ်မကျန်တော့တာကို သိရှိထားကြောင်း ပြောကြားသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အသက် (၃၉) နှစ် ရှိနေတဲ့ ကစားသမားတစ်ဦးပါ။
အသက်အရွယ်အရ နေဝင်ချိန်ကို ရောက်လာသည့်တိုင် ရော်နယ်ဒိုရဲ့ ခြေစွမ်း၊ ဂိုးသွင်းနှုန်းတွေက တော်တော်လေးကို ကောင်းမွန်နေဆဲပါ။ အခု လာမယ့် ယူရို-၂၀၂၄ အတွက်လည်း ရော်နယ်ဒိုက ပေါ်တူဂီကို ဦးဆောင်ပြီး ကစားသွားမှာ ဖြစ်ပါတယ်။
ဒါပေမယ့် အသက်အရွယ်အရ အခု ယူရိုပြိုင်ပွဲက ရော်နယ်ဒိုအတွက် နောက်ဆုံးသော နိုင်ငံတကာပြိုင်ပွဲကြီးလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ရော်နယ်ဒိုက “ဘောလုံးကစားဖို့ ကျနော့်မှာ နှစ်တွေ အများကြီး မရှိတော့တာကို ကျနော် သိပါတယ်”
“အသက် (၃၅) နှစ်နောက်ပိုင်း တစ်နှစ်ပြီး တစ်နှစ် ဆက်ကစားနေရတာကပဲ ကျနော့်အတွက် လက်ဆောင်ဖြစ်နေပါပြီ။ ပေါ်တူဂီလက်ရွေးစင်အသင်းက ကျနော့်ဘဝရဲ့ အချစ်တစ်ခုပါ။ ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အတွက်ကတော့ အိပ်မက်ပေါ့ဗျာ” လို့ ပြောကြားသွားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ယူရို-၂၀၁၆ မှာ ပေါ်တူဂီနဲ့အတူ ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ ကစားသမားပါ။ ကမ္ဘာ့ဖလားမရခဲ့ဖူးသည့်တိုင် ရော်နယ်ဒိုအနေနဲ့ လာမယ့် ယူရိုမှာသာ ချန်ပီယံထပ်ဖြစ်ခဲ့ရင် သူ့ရဲ့ နိုင်ငံတကာ ကစားသမားဘဝက ချီးကျူးခံထိုက်သင့်တဲ့ အနေအထားလို့ ပြောနိုင်ပါတယ်။