မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုက သူဟာ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူဦးမှာမဟုတ်ဘဲ ပေါ်တူဂီအတွက် ဆက်လက်ကစားပေးနေဦးမယ်လိုပ ပြောဆိုလိုက်ပါတယ်။ အသက် ၃၇ နှစ်အရွယ်ပြည့်မြောက်တော့မယ့် ရော်နယ်ဒိုဟာ လက်ရှိမှာ နိုင်ငံအသင်းမှာရော၊ ယူနိုက်တက်မှာပါ အဓိကတိုက်စစ်မှူးအဖြစ်ရပ်တည်နေပြီး အဆုံးအဖြတ်ဂိုးတွေကို သွင်းယူပေးနေဆဲဖြစ်ပါတယ်။
အသက်အရွယ်ရလာပြီဖြစ်လို့ ကလပ်အသင်းတစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး ကစားဖို့က ပိုမိုသင့်တော်ပေမယ့် ရော်နယ်ဒိုက နိုင်ငံအသင်းကနေ အနားယူဖို့ကို စိတ်ကူးမရှိသေးဘူးလို့ ဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်နဲ့အတူ ဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့ ယုံကြည်နေပြီး သူ့ရဲ့စိတ်အားထက်သန်မှုက ဘယ်သောအခါမှာယုတ်လျော့တာမျိုးမရှိဘူးဆိုတာကို အားလုံးသိအောင် ရော်နယ်ဒိုက ပြောဆိုခဲ့ပါတယ်။
"စိတ်အားတက်ကြွတယ်ဆိုတာက အဓိကကျတဲ့ စကားလုံးပါ၊ ပရိသတ်တွေပျော်ရွှင်အောင်၊ ကျွန်တော့်မိသားစုပျော်ရွှင်နဲ့ ကိုယ့်ကိုကိုယ်ပျော်ရွှင်အောင် ပြုလုပ်နိုင်တဲ့အရာပါ၊ ပေါ်တူဂီကစားသမားဘဝ ဒါမှမဟုတ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကျွန်တော်က ဂိုးအများဆုံးသွင်းထားသူပါ၊ နိုင်ပွဲအများဆုံးရထားသူ၊ ဖန်တီးမှု၊ အရာတိုင်းပါပဲ။ ဒါပေမယ့် ကျွန်တော်ဆက်ပြီးတော့ သယ်ဆောင်သွားချင်ပါသေးတယ်၊ ဘောလုံးကစားချင်သေးတယ်၊ လူတွေကို ပျော်ရွှင်အောင် လုပ်ပေးရတဲ့ ခံစားချက်ကို ကျွန်တော်ကြိုက်တယ်" လို့ ရော်နယ်ဒိုက Sky Sports နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။
ရော်နယ်ဒိုကတော့ ဒီရာသီမှာ ယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီးနောက် ပြိုင်ပွဲစုံသွင်းဂိုး ၆ ဂိုးအထိ ရရှိထားပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ အတ္တလန္တာနဲ့ပွဲမှာလည်း အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပါသေးတယ်။