Android သစ် မတင်ရသေးတဲ့ Pixel ဖုန်းပိုင်ရှင်တွေ သတိထားဖို့ပါ။
9to5Google က ဖော်ပြတဲ့ သတင်းတစ်ပုဒ်ထဲမှာ Google ရဲ့ နောက်ဆုံးထွက် Android 13 OS update တင်ထားတဲ့ Pixel ဖုန်းပိုင်ရှင်အတော်များများ wireless charging အသုံးပြုမရတဲ့ ပြဿနာကြုံတွေ့နေတယ်လို့ ဆိုပါတယ်။ Reddit လူမှုကွန်ရက်မှာဆို Google ထုတ် Pixel Stands တွေ အပါအဝင် wireless chargers သုံးနေကြတဲ့ Pixel 4 ၊ Pixel 4 XL ၊ Pixel 6 နဲ့ Pixel 6 Pro ဖုန်းပိုင်ရှင်တွေဟာ ကြိုးမဲ့အားသွင်းစနစ် သုံးမရဖြစ်နေတယ်ဆိုတဲ့ ပို့စ်တွေ အများကြီး တက်လာပါတယ်။
Pixel 6 နဲ့ 6 Pro ပိုင်ရှင်တွေ ကြုံရတဲ့ ပြဿနာက ပိုဆိုးတယ်လို့ ဆိုပါတယ်။ Android 13 တင်ပြီးတဲ့နောက် Android 12 ကို ပြန်ဆင်းလို့ မရဘူးလို့ ဆိုပါတယ်။ အသုံးပြုသူတွေ ပေးပို့လာတဲ့ Reports တွေအရဆို တချို့ဖုန်းတွေမှာ wireless charger ကို ဖုန်းက သိပေမယ့် ဘက်ထရီအားမဝင်တာလို့ ပြောပါတယ်။ တစ်ယောက်ကဆို သူ့ Pixel 4XL ဟာ အားသွင်းနေတဲ့ ဘက်ထရီ icon တောင် ပြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဘက်ထရီအားမဝင်တဲ့ ပြဿနာနဲ့ ကြုံနေတာပါ။
တချို့ Charging Pads တွေနဲ့ ကြိုးမဲ့အားသွင်းချိန်မှာဆို ဖုန်းနဲ့ မကိုက်ဘူးလို့ ပြောနေတယ်လို့ ဆိုပါတယ်။ အခုဖြစ်နေတဲ့ Android 13 တင်ပြီး Wireless Charging မရတဲ့ကိစ္စနဲ့ ပတ်သက်လို့ တချို့လည်း နည်းလမ်းလေးတွေ ညွှန်ထားတာ ရှိပါတယ်။ အထူးသဖြင့် Pixel Stands နဲ့ သုံးနေတဲ့ ဖုန်းတွေဆို Pixel Stand app ကို အရင် Disable လုပ် Safe Mode ထဲ ဝင်ပြီး Stand နဲ့ အားသွင်းကြည့်ပြီး Stand ကို forget လုပ် ၊ ပြန်ထည့် ၊ အားသွင်းကြည့်ရင် အဆင်ပြေတယ်လို့ ဆိုပါတယ်။
ပထမမျိုးဆက် Pixel Stand နဲ့ Pixel 6 Pro ကို အားသွင်းလို့ မရသူတစ်ဦးကတော့ Pixel Stand ကို ပြန် Set Up လုပ်ပြီး အားသွင်းကြည့်ရာမှာ ဘက်ထရီအားဝင်တယ်လို့လည်း ပြောပါတယ်။ Pixel ရဲ့ ပြဿနာက ဒါနဲ့တင် မပြီးသေးပါဘူး။ Pixel ဖုန်းမော်ဒယ်အတော်များများမှာ Fast Charging ပြဿနာဝင်နေတယ်လို့လည်း ပြောနေကြပါတယ်။ Pixel 4A 5G ပိုင်ရှင်တစ်ယောက်ကဆို သူ့ဖုန်းက တစ်နာရီအားသွင်းမှ ၁၀% ပဲ အားဝင်ပြီး ဖုန်းလည်း အလွန်ပဲ ပူလာပါတယ်တဲ့။ ကြိုးနဲ့အားသွင်းတာလား Wireless အားသွင်းတာလားတော့လည်း မသိပါဘူး။
Google ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ပေးမလဲဆိုတာ မပြောသေးပါဘူး။ Android 13 ကို beta စပြီး ထုတ်ချိန်ကတည်းက Wireless Charging ပြဿနာရှိခဲ့တာလို့ အသုံးပြုသူတွေက Reports ပေးခဲ့တာ ဖြစ်ပါတယ်။ Google ထုတ် Pixel ဖုန်းတွေဟာ ဆော့ဖ်ဝဲလ်ပိုင်း မကြာခဏ Error တက်တာတွေ ကြားနေရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာပဲ Pixel 6a ဖုန်းသစ်တွေမှာ အပြင်လူရဲ့ လက်ဗွေနဲ့ ဖုန်းလော့ခ်ဖွင့်လို့ရတဲ့ ပြဿနာတက်ခဲ့ပါတယ်။
Pixel 6a ရဲ့ Fingerprint Sensor ချို့ယွင်းချက်အကြောင်းကို YouTuber တွေက လက်တွေ့စမ်းသပ်ပြတဲ့ ဗွီဒီယိုတွေပါ လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း Google Pixel 6 စီးရီးဖုန်းတွေမှာ လက်ဗွေဖွင့်ရ နှေးကွေးတဲ့ ပြဿနာတွေအပြင် USB-C Port အားသွင်းကြိုးနဲ့ အားသွင်းမရတဲ့ ပြဿနာတွေလည်း ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။