အများပြည်သူများသွားလာမှုအဆင်ပြေစေနိုင်ရန်အတွက် မီးရထားနဲ့ ဘတ်စ်ကားကြားချိတ်ဆက်ပြေးဆွဲမှု Pilot Project ကို ဒီဇင်ဘာလ(၂)ရက်နေ့ကစတင်ပြီး သမိုင်းဘူတာနဲ့ သမိုင်းကားမှတ်တိုင်မှာ စတင်ဆောင်ရွက်နေပါပြီ။
ဒီ Pilot Project ကို သမိုင်းဘူတာနဲ့ မှတ်တိုင်မှာ ပထမဆုံးစတင်ဆောင်ရွက်တာဖြစ်ပြီး ဒီဇင်ဘာလ(၂)ရက်နေ့ကနေ (၈)ရက်နေ့ထိ တစ်ပတ်တာကာလဆောင်ရွက်သွားမှာဖြစ်ပါတယ်။
“ Pilot Project ဖြစ်တဲ့ အတွက် ကျွန်တော်တို့က ဒီတစ်ပတ်တာကာအတွင်းမှာ data တွေကောက်ပါမယ်။ အချက်အလက်တွေကိုကြည့်ပြီးမှ နောက်အနာဂတ်မှာ ဘယ်လိုနေရာတွေမှာ ချိတ်ဆက်ပြီးလုပ်မယ်ဆိုတာကို စီစဉ်သွားမှာပါ။ ဒါကလေ့လာမှုအရင်လုပ်တာ။ လေ့လာမှုလုပ်တာဖြစ်လို့ လူထုရဲ့ သဘောထားကောက်သွားမယ်” လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က မီဒီယာတွေကိုပြောပါတယ်။
ရထားနဲ့ ဘတ်စ်ကား ကြားချိတ်ဆက်ပြေးဆွဲမှုကို ပြည်သူတွေအနေနဲ့ လိုရာခရီး အဆင်ပြေစွာသွားလာနိုင်ဖို့ စီစဉ်ပေးတယ်ဆိုပေမယ့်လည်း ရထားနဲ့ ကားစိုက်ရောက်ချိန်က မတူညီသေးတာကြောင့် ခရီးသည်တွေအနေနဲ့ အဆင်ပြေမှု မရှိသေးဘူးလို့ သိရပါတယ်။
“ အခု ပထမဆုံးလုပ်တာဆိုတော့လည်း အဆင်တော့မပြေသေဘူး။ ကားနဲ့ ရထားချိတ်ဆက်မှု မရှိသေးတာပေါ့။ အခုတော့ ဘူတာကို ရထားတွေက ဘယ်ချိန်ဆိုက်ရောက်မယ်ဆိုတာကို ကားဆိုက်ရောက်မယ့် အချိန်နဲ့ပဲ အချိန်မှန်းပြီးလာနေရတယ်” လို့ ပြည်သူတစ်ဦးက Duwun ကိုပြောပါတယ်။
ယခု Pilot Project ကို ယာဉ်တစ်ခုနဲ့တစ်ခုကြား ပြောင်းလဲစီးနင်းနိုင်ရာမှာ ဘတ်စ်ကားမှတ်တိုင်နဲ့ ဘူတာချိတ်ဆက်ပြီး ရထားပေါ်ကဆင်းတဲ့ခရီးသည်က ကားပေါ်ချက်ချင်းတက်နိုင်ရမယ်၊ ကားပေါ်ကဆင်းတဲ့ ခရီးသည်က ရထားပေါ် ချက်ချင်းတက်နိုင်ရန်ရည်ရွယ်ပြီး ဆောင်ရွက်ထားတာဖြစ်ပါတယ်။သမိုင်းမှတ်တိုင်နဲ့ သမိုင်းဘူတာမှာ စတင်ဆောင်ရွက်တာဖြစ်လို့ အဆင်ပြေမှုရှိပါက နောက်ထပ်ဘူတာတွေနဲ့ ကားဂိတ်တွေမှာ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီစီမံကိန်းကိုတော့ ဂျပန်နိုင်ငံ JICA ရဲ့ နည်းပညာအကူအညီဖြင့် မြန်မာ့မီးရထားနဲ့ JICA တို့ပူးပေါင်းပြီးဆောင်ရွက်တာဖြစ်ပါတယ်။