သူမ လိုချင်တဲ့ သမီးလေးလည်း ရှိလာပါပြီတဲ့။

သဉ္ဇာနွယ်ဝင်းကတော့ သူမရဲ့ ဘဝမှာ လိုချင်ခဲ့တဲ့ သမီးလေးနဲ့ သားလေးရှိပြီဖြစ်တာကြောင့် နောက်ထပ် ရင်သွေးလေး ထပ်ယူတော့မှာ မဟုတ်ကြောင်း ပြောပြလာပါတယ်။ 

Photo: Thinzar Nwe Win



သဉ္ဇာနွယ်ဝင်းကတော့ သားလေးနဲ့ သမီးလေးကို တစ်ဦးတည်းသော ကလေးတွေပဲ ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။ သူမလိုချင်တဲ့ သမီးလေးလည်း ပိုင်ဆိုင်ခွင့်ရပြီဖြစ်တာကြောင့် နောက်ထပ် ရင်သွေးလေး မယူဖြစ်တော့ဘူးလို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ သဉ္ဇာ့အတွက်ကတော့ သားတစ်ယောက်၊ သမီးတစ်ယောက်ဆိုတာ အရမ်းကို ပြည့်စုံသွားပါပြီ။ အစကတည်းက သမီးလေး လိုချင်တာဆိုတော့ အခု ပိုင်ဆိုင်ခွင့်ရပါပြီ။ တကယ်လို့ နောက်တစ်ယောက် ထပ်ယူရင် သားလေးဆိုရင် သဉ္ဇာ့ရဲ့ သားဦးလေးကို ဂရုစိုက်တာ လျော့သွားမှာကြောက်တယ်။ သမီးလေးဆိုရင်လည်း အခုသမီးလေး တစ်ယောက်တည်းကိုပဲ ဖူးဖူးမှုတ်ထားချင်တာ။ နှစ်ယောက်ဆီ ရှိနေရင် သေချာ ဂရုမစိုက်နိုင်တော့ရင်တောင် မျှချစ်နေရမှာစိုးတဲ့ အတွက် တစ်ဦးတည်းသောသား၊ တစ်ဦးတည်းသော သမီး ဆိုတာပဲ ဖြစ်စေချင်တယ်။ နောက်တစ်ယောက်တော့ ထပ်မမွေးတော့ဘူး” လို့ သူက ဆိုပါတယ်။ 

Photo: Thinzar Nwe Win

သဉ္ဇာနွယ်ဝင်းဟာ သမီးလေးမွေးပြီးသွားတဲ့ အချိန်မှာ သားလေးရဲ့ စိတ်ခံစားချက်ကို မြင်တွေ့လာတယ်လို့ ဆိုပါတယ်။ သားလေးကိုလည်း အချစ်မလျော့သွားအောင် ဂရုစိုက်နေထိုင်တယ်လို့ ဆက်လက် ပြောပြလာပါတယ်။ 

“ သဉ္ဇာက သမီးလေးမွေးပြီးတဲ့ အချိန်မှာ သူ့မျက်နှာလေးက ငိုင်သွားတာပေါ့နော်။ ဝမ်းနည်းတာဖြစ်မယ်။ အရင်တုန်းကဆို သဉ္ဇာ ဗိုက်ကြီးနေရင်တောင် သားသားကို ချီတယ်၊ ထမင်းကျွေးတယ်၊ အတူတူကစားပေးတယ်၊ စာပြတယ်၊ သူ့ကိုဆို အသံချိုချိုလေးနဲ့ပြောတာပေါ့။ သမီးလေးမွေးပြီး နှစ်ပတ်လောက်မှာ သူက သမီးလေးရဲ့ ခေါင်းကို လာလာရိုက်တယ်။ သဉ္ဇာကလည်း သွေးနုသေးတော့ သူ့ကို ဆူတာပေါ့နော်။အဲဒီမှာ ဖြစ်သွားတဲ့ မျက်နှာလေးက အရမ်းသနားဖို့ကောင်းတယ်။ စိတ်လည်း တကယ်မကောင်းဘူး။ အခုတော့ သူဝမ်းမနည်းအောင် သူ့ကို ပိုပြီးတော့ ဂရုစိုက်ပေးဖြစ်တယ်” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

Photo: Thinzar Nwe Win

ကိုလှမျိုးမြင့်နဲ့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းတို့ရဲ့ မင်္ဂလာပွဲကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုး ခဲ့ကြပါတယ်။ ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သားဖြစ်သူ ကျော်မျိုးမြင့်(ခ) မက်မွန်သီးလေးကိုတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ မွေးဖွားခဲ့တာဖြစ်ပြီး ဒုတိယမြောက်ရင်သွေးလေးဖြစ်တဲ့ သမီးလေးကိုတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က