မနေ့ညက ကစားခဲ့တဲ့ ဘာစီလိုနာနဲ့ ပေါ်တိုတို့ရဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ဘာစီလိုနာက ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ဘာစီလိုနာတို့ အုပ်စုအဆင့်ကနေ လွတ်မြောက်သွားခဲ့ပြီး ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်ခဲ့ပါပြီ။
ဘာစီလိုနာတို့ ဒီလိုမျိုး ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ လွတ်မြောက်ခဲ့တာက (၂၀၂၀-၂၁) ခုနှစ် ဘောလုံးရာသီ နောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာတို့ ချန်ပီယံလိဂ်မှာ ဆက်တိုက် ကံဆိုးပြီး ကျိန်စာမိခဲ့တာကိုလည်း ချေဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။
မနေ့ညက ပေါ်တိုနဲ့ပွဲက ဘာစီလိုနာအတွက် အမှားခံလို့မရခဲ့ပါဘူး။ ဒီပွဲမတိုင်ခင် ဘာစီလိုနာအုပ်စုမှာ ဘာစီလိုနာ၊ ပေါ်တို၊ ရှက်တာဒိုးနက် သုံးသင်းစလုံးက ရမှတ် (၉) မှတ်စီ ရရှိထားတာပါ။ အဲ့ဒါကြောင့် ဘာစီလိုနာသာ ခြေချော်သွားခဲ့ရင် နောက်တစ်ဆင့် တက်ခွင့်အတွက် နောက်ဆုံးပွဲအထိ ရုန်းကန်ရနိုင်ပါတယ်။ ပွဲချိန်အတွင်း ဦးဆောင်ဂိုးအရင်သွင်းနိုင်ခဲ့တာကလည်း ပေါ်တိုကဖြစ်ပါတယ်။
ပေါ်တိုအတွက် ဦးဆောင်ဂိုးကို ရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်းကြီး ပီပီက သွင်းယူပေးခဲ့တာဖြစ်ပြီး နှစ်မိနစ်အကြာမှာပဲ ကန်ဆယ်လိုက ပြန်လည်ချေပနိုင်ခဲ့တာပါ။ အဲ့ဒီနောက် ဒုတိယပိုင်း (၅၇) မိနစ်မှာတော့ ကန်ဆယ်လိုရဲ့ ဖန်တီးပေးမှုကနေပဲ ယာအိုဖီးလစ်က အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
ဒီကစားသမားနှစ်ယောက်စလုံးက ဘာစီလိုနာတို့ အငှားခေါ်ယူထားတဲ့ ကစားသမားတွေဖြစ်ပါတယ်။ ဖီးလစ်ဆိုရင် ဘာစီလိုနာမှာ ကစားခွင့်ရဖို့ လစာပါ လျှော့ယူခဲ့ပြီး ကန်ဆယ်လိုကလည်း ဘာစီလိုနာကို လိုလိုလားလားနဲ့ ပြောင်းရွှေ့လာခဲ့ကာ ဒီရာသီမှာတော့ နှစ်ယောက်စလုံးက ဘာစီလိုနာအတွက် အဖိုးတန် ကစားသမားတွေဖြစ်နေခဲ့ပါတယ်။