နှစ်နဲ့ချီ အငြင်းပွားမှုတွေရှိနေခဲ့ပြီးနောက် ဂျပန်တော်ဝင်မင်းသမီး မာကိုက ယခုလအတွင်း ချစ်သူနဲ့လက်ထပ်တော့မှာပါ။ ဒါပေမဲ့ သူမက အစဥ်အလာတွေကို ဆန့်ကျင်ကျော်လွန်သူ ဖြစ်လာခဲ့ပြီး မင်းမျိုးမင်းနွယ်မဟုတ်တဲ့ အရပ်သားကို လက်ထပ်တဲ့ တော်ဝင်အမျိုးသမီးတွေအတွက် ပုံမှန်ပေးလေ့ရှိတဲ့ငွေကိုလည်း လက်ခံရယူမှာ မဟုတ်ပါဘူး။
ထိုငွေပမာဏက အမေရိကန်ဒေါ်လာ ၁.၃ သန်းအထိဖြစ်တယ်လို့ ဆိုပါတယ်။ ဂျပန်ဧကရာဇ် နာရူဟီတိုရဲ့ တူမဖြစ်သူ မာကိုဟာ လာမယ့် အောက်တိုဘာ ၂၆ ရက်မှာ ကီကိုမူရိုနဲ့ လက်ထပ်လိမ့်မယ်လို့ ဧကရာဇ်မိသားစုဆိုင်ရာဌာနက ယနေ့ (အောက်တိုဘာ ၁ ရက်) ထုတ်ပြန်ပြောကြားပါတယ်။
အသက် ၂၉ နှစ်အရွယ် တော်ဝင်မင်းသမီးဟာ မီဒီယာတွေမှာ အသားပေးဖော်ပြကြတဲ့ သူမရဲ့ မင်္ဂလာပွဲကိစ္စ သတင်းတွေကြောင့် စိတ်ရှုပ်ထွေးခဲ့ရတယ်လို့လည်း ထိုဌာနကဆိုပါတယ်။ ဂျပန်အိမ်ရှေ့မင်းသားရဲ့ သမီးဖြစ်သူ မာကိုဟာ အသက် ၂၉ နှစ်အရွယ် အရပ်သားတစ်ဦးဖြစ်တဲ့ ကိုမူရာကို လက်ထပ်မယ့်အစီအစဥ်အပေါ် သတင်းမီဒီယာတွေက နှစ်နဲ့ချီကြာ အလေးထားစောင့်ကြည့်ခဲ့ပြီး သတင်းအမျိုးမျိုး ရေးသားဖော်ပြခဲ့ကြပါတယ်။
(မင်းသမီးမာကိုနှင့် ကိုမူရို) (Photo: Reuters)
ဂျပန်ဧကရာဇ်ဆိုင်ရာ စည်းမျဥ်းတွေအရ မာကိုဟာ မင်းမျိုးမင်းနွယ်မဟုတ်တဲ့ သာမန်အရပ်သားနဲ့ လက်ထပ်ပြီးနောက် သူမရဲ့ တော်ဝင်ဂုဏ်ပုဒ်ကို စွန်လွှတ်ရမှာ ဖြစ်ပါတယ်။ မာကိုရဲ့ချစ်သူ ကိုမူရိုဟာလည်း မိခင်ဖြစ်သူက သူနဲ့စေ့စပ်ခဲ့ဖူးတဲ့ အမျိုးသမီးထံကနေ ငွေချေးပြီးနောက် ပြန်မပေးခဲ့ကြောင်း စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး အကြီးအကျယ် ဝေဖန်ခံခဲ့ရပါသေးတယ်။
အဆိုပါ အတင်းအဖျင်းသတင်းတွေနဲ့အတူ တော်ဝင်မင်းသမီးမာကိုတို့ စုံတွဲအကြောင်းဟာ ဂျပန်မှာ အုတ်အုတ်ကျတ်ကျတ် ဖြစ်လာခဲ့ပြီး တစ်နိုင်ငံလုံးက စိတ်ဝင်စားခဲ့ပါတယ်။ နောက်ပိုင်းမှာ မာကိုတို့စုံတွဲက လက်ထပ်မယ့်အစီအစဥ်ကို ရွှေ့ဆိုင်းခဲ့ပြီး ကိုမူရိုက ဥပဒေကျောင်းတက်ရန် အမေရိကန်နိုင်ငံသို့ ထွက်ခွာသွားခဲ့ပါတယ်။ ကိုမူရို အမေရိကန်ကိုထွက်သွားခြင်းက မကောင်းတဲ့ အာရုံစိုက်ခံရမှုတွေကို ရှောင်လွှဲရန်ဖြစ်တယ်လို့ ထင်မြင်ယူဆခဲ့ကြပါတယ်။
(ဂျပန်တော်ဝင်မိသားစု) (Photo: AP)
မာကိုရဲ့ဖခင် အိမ်ရှေ့မင်းသား အကီရှီနိုကတော့ သမီးဖြစ်သူ လက်ထပ်မယ့်အစီအစဥ်ကို သဘောတူပေမဲ့ ပြည်သူလူထုရဲ့ နားလည်မှုရရှိရန် လိုအပ်တယ်လို့ ပြီးခဲ့တဲ့နှစ်အတွင်း ပြောခဲ့ပါတယ်။ မည်သို့ဆိုစေ နောက်ဆုံးမှာတော့ မင်းသမီးမာကိုတို့ ချစ်သူနှစ်ဦးက နှစ်ကာလရှည်ကြာ စောင့်ဆိုင်းနေခဲ့မှုဟာ လုံလောက်ပြီလို့ ဆုံးဖြတ်ခဲ့ကြပုံရပြီး လက်ထပ်ပြီးပါက နယူးယော့ခ်မြို့မှာ ရွှေ့ပြောင်းနေထိုင်သွားမယ်လို့ မျှော်လင့်ထားကြပါတယ်။
ကိုမူရိုဟာ ယခု သီတင်းပတ်အစောပိုင်းက ဂျပန်ကို ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ မာကိုဟာ ဒုတိယကမ္ဘာစ်နောက်ပိုင်း ဂျပန်တော်ဝင်မျိုးနွယ်တွေရဲ့ အစဥ်အလာထုံးစံကိုကျော်လွန်ပြီး သာမန်အရပ်သားတစ်ဦးနဲ့ လက်ထပ်တဲ့ ပထမဆုံး တော်ဝင်မိသားစုဝင် ဖြစ်လာခဲ့ပါတယ်။