အာဆင်နယ်အသင်းဟာ လက်စတာစီးတီးနဲ့ ကစားနေတဲ့ ပွဲစဉ်မှာ ဒန်နီ ဝါ့ဒ်နဲ့ ဘန် ဝှိုက်တို့ကြားက ဖြစ်စဉ်ကြောင့် VAR က ဂန်းနားတွေရဲ့သွင်းဂိုးကို အငြင်းပွားဖွယ် ပယ်ဖျက်ခဲ့ပါတယ်။
လီအန်ဒရို ထရော့ဆာ့ဒ်က ၂၆ မိနစ်မှာ အံ့အားသင့်ဖွယ် ကန်ချက်နဲ့အတူ ကင်းပါဝါကွင်းမှာ အာဆင်နယ်အသင်းကို ဦးဆောင်ဂိုး ရယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထရော့ဆာ့ဒ်ရဲ့ သွင်းဂိုးဟာ ဒိုင်လူကြီး ခရိတ်ဂျ် ပေါ်ဆင်က မေးခွန်းထုတ်ဖွယ် VAR နဲ့ ပြန်လည်စစ်ဆေးမှုအပြီးမှာ ဂိုးအဖြစ် ခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ထရော့ဆာ့ဒ်ရဲ့ သွင်းဂိုးကို တိုက်စစ်စတင်ချိန်မှာ ပြစ်ဒဏ်ကျူးလွန်မှု ရှိခဲ့တာကြောင့် ဂိုးအဖြစ် ခွင့်ပြုဖို့ ငြင်းပယ်ခဲ့တာဖြစ်တယ်လို့ သိရပြီး ဘန် ဝှိုက်ဟာ ဒန်နီ ဝါ့ဒ်ကို ထောင့်ကန်ဘော ကန်တင်လိုက်ချိန်မှာ ဆွဲထားခဲ့တယ်လို့ ဆုံးဖြတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ပြောစရာမလိုအောင်ပဲ လူမှုကွန်ရက်ပေါ်က အာဆင်နယ်ပရိသတ်တွေဟာ VAR ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဒေါသပေါက်ကွဲခဲ့ကြတာဖြစ်ပါတယ်။
"ဘန် ဝှိုက်ရဲ့လက်က ဒန်နီ ဝါ့ဒ်ရဲ့ လက်ကောက်ဝတ်ပေါ် ရောက်နေတာကျတော့တွေ့ပြီး ဆာကာကို ရပ်ဘီကစားသလို မြက်ခင်းပေါ် လှဲချခံခဲ့ရတာကျတော့ လုံးဝကို မတွေ့ဘူးပေါ့"လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး "အဲဒါကသာ ပြစ်ဒဏ်ကျူးလွန်မှုဖြစ်ခဲ့တယ်ဆိုရင် ပွဲစဉ်တိုင်းက တည်ကန်ဘောတိုင်းမှာ မပေးခဲ့တဲ့ ပြစ်ဒဏ်ကျူးလွန်မှု ၅ ကြိမ်၊ ၆ ကြိမ်လောက် ရှိနေတယ်"လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။