ချဲလ်ဆီးကို ဘယ်သူ့ဆီရောင်းချမလဲဆိုတာ ရှေ့လထဲ ဆုံးဖြတ်ချက်ချမှာပါ။

ချဲလ်ဆီးကို ဝယ်ယူဖို့ ကြိုးစားနေတဲ့ လုပ်ငန်းရှင်ပေါင်းက အနည်းဆုံး အယောက် (၂၀) ဝန်းကျင်မှာရှိနေပြီး လက်ရှိပိုင်ရှင် အေဘရာမိုဗစ်ချ်ကတော့ အသင်းကို ပေါင် (၃) ဘီလီယံနဲ့ အရောင်းစာရင်းတင်ထားတာဖြစ်ပါတယ်။ ဒီအသင်းကို ရောင်းချဖို့ ကိစ္စရပ်တွေအတွက် အမေရိကန်နိုင်ငံ၊ နယူးယော့ခ်အခြေစိုက် Raine အဖွဲ့အစည်းက အဓိက ကူညီပေးနေပါတယ်။



ကမ္ဘာတဝန်းလုံးက စီးပွားရေးလုပ်ငန်းရှင်တွေက ဥရောပနဲ့ ကမ္ဘာ့ကလပ်ချန်ပီယံ ချဲလ်ဆီးကို ဝယ်ယူဖို့ အပြိုင်အဆိုင် စာရင်းသွင်းထားပြီး အရောင်းအဝယ်သာဖြစ်မြောက်ခဲ့ရင် ချဲလ်ဆီးက တန်ဖိုးအကြီးမားဆုံး အရောင်းအဝယ်ဖြစ်ခဲ့တဲ့ အားကစားအသင်းတသင်းအဖြစ် မှတ်တမ်းတင်နိုင်ဖွယ်ရှိပါတယ်။

အားကစားအသင်းတွေထဲမှာ တန်ဖိုးအကြီးဆုံး အရောင်းအဝယ်ပြုလုပ်ခဲ့တဲ့အသင်းအဖြစ် NBA အသင်းတသင်းဖြစ်တဲ့ ဘရွတ်ကလင်းနက်စ်ကို ဂျိုးဆက်ပ်ဆိုင်းက (၂၀၁၉) မှာ ပေါင် (၂.၅) ဘီလီယံနဲ့ ဝယ်ယူခဲ့တာပါ။

အခုလက်ရှိ အနေအထားတွေအရ ချဲလ်ဆီးကို ပေါင် (၃) ဘီလီယံနဲ့ ဝယ်ယူမယ့် လုပ်ငန်းရှင်တွေက အဆင်သင့်ရှိနေပါတယ်။ ဘယ်သူ့ဆီ ရောင်းချသွားမလဲဆိုတာကိုတော့ Raine အဖွဲ့က လာမယ့်ဧပြီလလယ်ပိုင်းမှာ ဆုံးဖြတ်သွားမယ်လို့ မျှော်လင့်ထားရပါတယ်။

ဒါ့အပြင် အေဘရာမိုဗစ်ချ်အနေနဲ့လည်း ချဲလ်ဆီးကို ဘယ်သူ့လက်ထဲရောင်းချမယ်ဆိုတာကို ဆုံးဖြတ်ပိုင်ခွင့်ရှိနေဆဲလို့ သိရှိရပြီး သူ့အနေနဲ့ ကိုယ်တိုင်ပဲဆုံးဖြတ်မလား ဒါမှမဟုတ် Raine ကိုပဲ လုပ်ပိုင်ခွင့်အပြည့်ပေးအပ်ပြီး ဆုံးဖြတ်မလား စောင့်ကြည့်ရမှာပါ။ အနည်းဆုံးတော့ ချဲလ်ဆီးဟာ တန်ဖိုးအမြင့်မားဆုံး နဲ့ အရောင်းအဝယ်ပြုလုပ်ခံရတဲ့ ပရီးမီးယားလိဂ်အသင်းဖြစ်လာပါလိမ့်မယ်။

လက်ရှိအချိန်မှာ ဒီနေရာကို ယူနိုက်တက်က ရယူထားပြီး အမေရိကန်သူဌေးတွေဖြစ်တဲ့ ဂလေဇာမိသားစုလက်ထဲကို ပေါင်သန်း (၇၉၀) နဲ့ ရောင်းချခံခဲ့ရဖူးပါတယ်။ ဂလေဇာမိသားစု ယူနိုက်တက်ကို ဝယ်ယူချိန်ကလည်း အေဘရာမိုဗစ်ချ် ချဲလ်ဆီးကို ဝယ်ယူချိန်တုန်းကနဲ့ အတူတူပဲလို့ သတင်းတွေက ဖော်ပြထားပါတယ်။ 

Share

Loading Next Article...
က္က