မီလစ်ခ်အတွက်တော့ မေ့လို့မရတဲ့ ညတညဖြစ်လာမှာသေချာပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ဂျူဗင်တပ်စ်နဲ့ ဆလာနီတာနာနဲ့ ဂျူဗင်တပ်စ်တို့ပွဲကတော့ တော်တော်လေးကို အကြိတ်အနယ်ရှိခဲ့ပါတယ်။ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် ဂျူဗီတို့ သရေတမှတ်ရအောင် မနည်းအားစိုက်ခဲ့ရပြီး ပွဲပြီးခါနီး အဖြစ်အပျက်တွေကလည်း ပရိသတ်တွေကို စိတ်လှုပ်ရှားစရာတွေပေးစွမ်းနိုင်ခဲ့ကာ ပွဲရလဒ်ကတော့ ၂-၂ ဂိုးစီသရေ ထွက်ပေါ်ခဲ့ပြီး ဂျူဗီတို့ နိုင်ပွဲပျောက်ခဲ့ပါတယ်။ 

ဆလာနီတာနာက ဂျူဗီကို ၂ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ဘရီမာက ခေါင်းတိုက်ချေပဂိုးသွင်းပေးခဲ့လို့ ၂-၁ ဖြစ်နေခဲ့ပါတယ်။ ဂျူဗီတို့ ချေပဂိုးရဖို့ အစွမ်းကုန်အားထုတ်နေခဲ့ပေမယ့် ကံဆိုးနေခဲ့ပြီး နာကျင်အချိန်ပိုအရောက်မှာမှ ပင်နယ်တီပြန်ရခဲ့ပါတယ်။ အဆိုပါပင်နယ်တီကို ဘိုနူချီကန်သွင်းရာမှာ ဆလာနီတာနာဂိုးသမားပုတ်ထုတ်နိုင်ခဲ့ပေမယ့် ထပ်ဆင့်ပိတ်သွင်းယူနိုင်ခဲ့လို့ ချေပဂိုးရသွားပြီး ၂-၂ ဖြစ်ခဲ့ပါတယ်။ 

ဒီနောက်မှာ ထောင့်ကန်ဘောကတဆင့် မီလစ်ခ်က အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။ ဂိုးသွင်းအပြီးမှာတော့ အဝါတကြိမ်ထိထားတဲ့ မီလစ်ခ်က ဂျာစီချွတ်အောင်ပွဲခံခဲ့လို့ နောက်တဝါထပ်ပြခံရကာ နှစ်ဝါတနီနဲ့ အနီကတ်အပြခံရပါတော့တယ်။ ကံဆိုးတာကတော့ သူက ခေါင်းတိုက်သွင်းယူခဲ့ချိန်မှာ အသင်းဖော်တဦးကပါ ထပ်ဆင့်ခေါင်းတိုက်ဖို့ကြိုးစားခဲ့​ပြီး အဲဒီအသင်းဖော်က လူကျွံနေခဲ့တာကြောင့် VAR ပြန်ကြည့်ပြီး ဂိုးမပေးခဲ့တာပဲဖြစ်ပါတယ်။ 

မီလစ်ခ်အတွက်တော့ အနီကတ်ထိပြီး ထွက်လာရတာပဲ အဖတ်တင်ခဲ့ပြီး ဂိုးမရခဲ့ပါဘူး။ ဒီနောက်မှာတော့ အငြင်းပွားမှုတွေဖြစ်ခဲ့ပြီး ရုန်းရင်းဆန်ခတ်တွေလည်း ဖြစ်ခဲ့ကာ ဂျူဗီနည်းပြအယ်လီဂရီနဲ့ တောင်ပံကစားသမား ကွာဒရာဒိုတို့အနီကတ်တွေပြသခံခဲ့ရပါတယ်။ ဆလာနီတာနာဘက်ကလည်း ဖာဇီယိုအထုတ်ခံခဲ့ရလို့ ဒီပွဲမှာ ကစားသမား ၃ ဦးနဲ့ နည်းပြတဦးအထိ ထုတ်ပယ်ခံခဲ့ရပါတယ်။ 

ဂျူဗီကတော့ ဒီရာသီမှာ ရလဒ်တွေကျဆင်းနေပြီး စီးရီးအေရှုံးပွဲမရှိသေးပေမယ့် ၂ပွဲတည်းသာ အနိုင်ရထားပြီး ၄ပွဲအထိ သရေကျထားပါတယ်။ ဒါကြောင့်လည်း ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေပြီး စိတ်ကျေနပ်စရာအနေအထားတော့မဖြစ်နေပါဘူး။  စီးရီးအေမှာ ဆယ်စုနှစ်တခုလောက် ဆက်တိုက်ဆိုသလို ဗိုလ်စွဲပြီး လွှမ်းမိုးနေခဲ့ပေမယ့် လက်ရှိမှာတော့ မီလန်နှစ်သင်းရဲ့ အလှည့်ပြန်ရောက်နေပြီလို့ ဆိုရမှာပါ။ 

Share

Loading Next Article...
က္က