အဘာဒင်း အသင်းခေါင်းဆောင် စကော့ဘရောင်းဟာ အင်္ဂါညက ကစားခဲ့တဲ့ ရိန်းဂျားစ်နဲ့ စကော့တလန် ပရီးမီးယားလိဂ်ပွဲစဥ်မှာ တော်တော်လေးကို မျက်နှာပြောင်တဲ့ လုပ်ရပ်မျိုး ပြုမူခဲ့ပါတယ်။
ဘရောင်းအနေနဲ့ အသင်းခေါင်းဆောင်တယောက်ဖြစ်ပေမယ့် သူနဲ့ “ကျောင်းတော်က ရန်စ” ရှိတဲ့ ရိုင်ယန်ကန့် အထုတ်ခံရချိန်မှာတော့ အခုလိုပဲ လှောင်ပြောင်ခဲ့တာပါ။
အသက် (၃၆) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရောင်းနဲ့ ရိုင်ယန်ကန့်တို့ဟာ ပြီးခဲ့တဲ့ (၂၀၁၉) က ရိန်းဂျားစ်နဲ့ဆဲလ်တစ်တို့ရဲ့ Old Firm Derby မှာ ပြဿနာအကြီးအကျယ်တက်ခဲ့ဖူးပြီး အဲ့ဒီအချိန်က ရိုင်ယန်ကန့်တယောက် ဘရောင်းမျက်နှာကို လက်သီးနဲ့ထိုးခဲ့တာကြောင့် (၂) ပွဲ ပယ်ခံခဲ့ရဖူးပါတယ်။
နောက် (၂) နှစ်အကြာ သူတို့ အခုလို ပြန်လည်ဆုံတွေ့ချိန်မှာတော့ ဘရောင်းက ပွဲကစားချိန် (၈၃) မိနစ်မှာ ပြသခံရတဲ့ ရိုင်ယန်ကန့်ရဲ့ အနီကတ်အတွက် ရိုင်ယန်ကန့်ရှေ့မှာ ပျော်ပျော်ရွှင်ရွှင် နဲ့ လက်ခုပ်တီးရင်း လှမ်းခေါ်ကာ လက်ပြနှုတ်ဆက်လိုက်သေးတာဖြစ်ပါတယ်။ ရိုင်ယန်ကန့်ဟာ လီဗာပူးအကယ်ဒမီထွက် ကစားသမားတယောက်ဖြစ်ပြီး ဘရောင်းကတော့ ဆဲလ်တစ်မှာ ဆုဖလားပေါင်း (၁၄) ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့သူပါ။
ဘရောင်းရဲ့လုပ်ရပ်အပေါ် ဆဲလ်တစ်နည်းပြဟောင်း နေးလ်လန်နွန်က “ဘရောင်း တယောက် ဒါမျိုး လုပ်ရတာကို သူတော်တော်ပျော်ပါလိမ့်မယ်။ သမိုင်းကြောင်းကလည်းရှိတယ်လေ။ ရိုင်ယန်ကန့်နဲ့တင်မဟုတ်ပါဘူး။ ရိန်းဂျားစ် ကစားသမားအများအပြားနဲ့ ပြဿနာတွေရှိခဲ့ပါတယ်”
“ပွဲဆူအောင်လုပ်တဲ့နေရာမှာ သူက ကျွမ်းကျင်ပြီး သူ လွန်ခဲ့တဲ့ (၁၀) နှစ်၊ (၁၅) နှစ်လောက်တည်းက ဒါမျိုးလုပ်လာတာပါ။ နောက်ပြီး သူက အဘာဒင်းမှာ လူငယ် ကစားသမားတွေကို ကောင်းကောင်းလွှမ်းမိုးနိုင်ပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။ ဇန်နဝါရီ (၁၈) က အဘာဒင်းအိမ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲကတော့ တဖက်တဂိုးစီ သရေနဲ့သာ ပြီးဆုံးခဲ့ပါတယ်။