မနေ့ညက ကစားခဲ့တဲ့ ဂီတာဖေးနဲ့ ဘာစီလိုနာတို့ရဲ့ လာလီဂါပွဲစဉ်ကတော့ ဂိုးမရှိသရေနဲ့သာ ပြီးဆုံးခဲ့ပါတယ်။ ဒီပွဲကတော့ နှစ်သင်းလုံးအတွက် ဒီရာသီမှာ ပထမဆုံးသော လာလီဂါအဖွင့်ပွဲလည်း ဖြစ်ခဲ့ပါတယ်။
ပွဲက ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့ပြီး အိမ်ရှင်ဂီတာဖေး ကစားသမား (၈) ယောက်အထိ အဝါကတ်ထိခဲ့ပြီး ဘာစီလိုနာဘက်က ကစားသမား (၂) ယောက် အဝါကတ်ပြသခံခဲ့ရပါတယ်။ ဒါ့အပြင် ဒုတိယပိုင်း ပွဲကစားချိန်အတွင်း ဘာစီလိုနာ တိုက်စစ်ကစားသမား ရာဖင်ညာနဲ့ ဂီတာဖေး ကစားသမား ဂျာမီမာတာတို့ အနီကတ်ကိုယ်စီထိခဲ့ပါတယ်။
ပွဲကစားချိန်မိနစ် (၇၀) မှာတော့ ဘာစီလိုနာနည်းပြ ဇာဗီပါ အထုတ်ခံလိုက်ရပြီး ဒီပွဲကတော့ တော်တော်လေးကို ပြောစရာတွေများခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ ဘာစီလိုနာတို့ ပွဲကစားချိန် နောက်ဆုံးမိနစ်မှ နစ်နာခဲ့ရတဲ့ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပွားခဲ့ပါတယ်။
သာမန်ပွဲကစားချိန် မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပို (၁၃) မိနစ်မှာ ဘာစီလိုနာတို့ ပင်နယ်တီရခဲ့သေးပေမယ့် ဒီပင်နယ်တီကို ပြန်လည်ပယ်ဖျက်ခဲ့တာကြောင့် ဘာစီလိုနာတို့ ရာသီအဖွင့်ပွဲမှာ နိုင်ပွဲရရှိမယ့်အရေးနဲ့ လွဲချော်ခဲ့ပါတယ်။ လက်ရှိချန်ပီယံလည်းဖြစ်တဲ့ ဘာစီလိုနာဟာ ဒီပွဲမှာ ကစားသမားအစုံအလင်နဲ့ ပွဲထွက်ခဲ့တာပါ။
တာစတီဂန်၊ ကွန်ဒေး၊ အရူဂျို၊ ခရစ္စတန်ဆန်၊ ဘဲလ်ဒီ၊ ဒီဂျောင်၊ ရာဖင်ညာ၊ ပတ်ဒရီ၊ လီဝန်ဒေါစကီးတို့နဲ့အတူ အသစ်ခေါ်ယူထားတဲ့ ဂွန်ဒိုဂန်၊ ရိုမီယူတို့လည်း ပါဝင်ခဲ့ပါတယ်။ ဘာစီလိုနာဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု (၇၅) ရာခိုင်နှုန်းအထိ ရရှိခဲ့ပေမယ့် လိုအပ်နေတဲ့ သွင်းဂိုးတွေကို မရှာဖွေနိုင်ခဲ့တာကြောင့် အခုလိုပဲ နိုင်ပွဲပျောက်ခဲ့ရတာပါ။