ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ကတော့ မနေ့ညက ဒေါ့မွန်တို့ ဘွန်ဒက်စ်လီဂါချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပြီးတဲ့နောက် အိမ်ကွင်း Signal Iduna Park မှာ မျက်ရည်တွေနဲ့ ငိုကြွေးခဲ့ရပါတယ်။ ဒေါ့မွန်ဟာ ဒီရာသီမှာ ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ဆွတ်ခူးဖို့ အနီးစပ်ဆုံး အနေအထားအထိ ရောက်ရှိခဲ့တာပါ။
ပွဲစဥ် (၃၄) ရာသီပိတ်ပွဲ မကစားခင်မှာ ဒုတိယနေရာက ဘိုင်ယန်မြူးနစ်ကို (၂) မှတ် ဖြတ်ထားနိုင်ခဲ့ပြီး ရာသီပိတ်ပွဲမှာ မိန့်ဇ်ကို အနိုင်ရရှိရုံနဲ့ ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ဆွတ်ခူးဖို့ အခွင့်အရေးရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့က အိမ်ကွင်းမှာ ဒီအခွင့်အရေးကို အသုံးမချနိုင်ခဲ့ဘဲ နှစ်ဂိုးစီသရေရလဒ်သာ ထွက်ပေါ်ခဲ့တာကြောင့် နောက်ဆုံးပွဲမှ အသည်းကွဲခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် ဒီပွဲမှာ ဒေါ့မွန်တို့ ရှုံးပွဲမကြုံခဲ့တာတောင် ကံကောင်းခဲ့တယ်လို့ ပြောရမှာဖြစ်ပြီး မိန့်ဇ်က နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ပြီးမှ နောက်ကနေ ချေပဂိုးတွေ လိုက်သွင်းခဲ့တာကြောင့် နှစ်ဂိုးစီသရေကျခဲ့တာပါ။ ဒီရလဒ်ကြောင့် မာကိုရူးစ်အတွက်လည်း သူ့ရဲ့ ကစားသမားဘဝမှာ ပထမဆုံး ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ဆွတ်ခူးနိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။
မာကိုရူးစ်ဟာ သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံးအချိန်မှာကတည်းက ထိပ်တန်းအသင်းကြီးတွေရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် ဒေါ့မွန်မှာပဲ သစ္စာရှိရှိ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့သူပါ။ အူဘာမီးယန်း၊ ဆန်ချို၊ ဟာလန်း အစရှိတဲ့ နာမည်ကျော် ကစားသမားတွေ တစ်ယောက်ပြီးတစ်ယောက် ဒေါ့မွန်ကို စွန့်ခွာသွားပေမယ့် မာကိုရူးစ်ကတော့ အသင်းမှာပဲ ဆက်ရှိခဲ့ပါတယ်။
ဒါပေမယ့် အံ့အားသင့်ဖို့ကောင်းစွာနဲ့ပဲ ဒီကစားသမားက ဒေါ့မွန်နဲ့အတူ ဘွန်ဒက်စ်လီဂါအမှတ်ပေးချန်ပီယံဆုကို တစ်ကြိမ်တစ်ခါမှ မဆွတ်ခူးနိုင်သေးပါဘူး။ ဒီရာသီမှာတော့ အနီးစပ်ဆုံး အနေအထားကို ရောက်ရှိလာတာကြောင့် မာကိုရူးစ်အတွက် ပရိသတ်တွေက မျှော်လင့်ခဲ့ကြပေမယ့် နောက်ဆုံးအချိန်မှာတော့ မာကိုရူးစ်တစ်ယောက် မျက်ရည်တွေနဲ့ပဲ သူ့ရဲ့ မျှော်လင့်ချက်တွေက အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။