ဆိုးလ်ရှားကို အချိန်အနည်းငယ်ထပ်ပေးဖို့ ယူနိုက်တက်က စီစဥ်ထားတာပါ။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ သတင်းတွေထွက်ပေါ်နေသလို ရာထူးက အထုတ်ခံရဦးမှာမဟုတ်ဘဲ လာမယ့်စနေမှာ ကစားမယ့် စပါးနဲ့ပွဲပြီးဆုံးချိန်အထိ အသင်းနည်းပြအဖြစ် ဆက်ရှိနေမယ်လို့ သိရှိရပါတယ်။



ယူနိုက်တက်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေညက ကစားခဲ့တဲ့ လီဗာပူးနဲ့ အိမ်ကွင်းမှာ ၀-၅ ဂိုးနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့နောက် ဆိုးလ်ရှားရဲ့ အနာဂတ်က တော်တော်လေးကို လှုပ်ခတ်လာခဲ့တာပါ။ ဆိုးလ်ရှားကို ထုတ်ပယ်ဖို့ အသင်းရဲ့ဒါရိုက်တာ ရစ်ချက်အာနိုးလ်၊ အမှုဆောင်အရာရှိချုပ် အက်ဝုဒ်ဝက်တို့က အသင်းပိုင်ရှင် ဂလေဇာမိသားစုနဲ့ မနေ့က ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးနောက် ဆိုးလ်ရှားအနေနဲ့ ရာထူးမှာ ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်နောက်ဆုံး (၄) ပွဲမှာ (၁) မှတ်သာရခဲ့ပြီး လက်စတာ၊ လီဗာပူးတို့ကို ဂိုးပြတ်တွေရှုံးနိမ့်ခဲ့တာပါ။ အသင်းသားတွေနဲ့ ဆက်ဆံရေးကောင်းတာကြောင့် အဝတ်လဲခန်းအတွင်း အခြေအနေကမဆိုးရွားပေမယ့် ကြယ်ပွင့်ကစားသမားတွေက ဆိုးလ်ရှားရဲ့နည်းဗျူဟာနဲ့ ဆုံးဖြတ်ချက်တွေအပေါ် မေးခွန်းထုတ်ဝေဖန်နေကြပါပြီ။

ချဲလ်ဆီးနဲ့အင်တာမီလန်နည်းပြဟောင်း ကွန်တီကလည်း ယူနိုက်တက်ကိုကိုင်တွယ်ခွင့်ရဖို့ စိတ်အားထက်သန်နေပြီး အသင်းတစ်သင်းကို ရာသီအစတည်းက ကိုင်တွယ်မယ်ဆိုတဲ့ သူ့ရဲ့သံမဏိစည်းမျဥ်းကိုတောင် ယူနိုက်တက်အတွက် ပယ်ဖျက်ထားတယ်လို့ သိရပါတယ်။ မနေ့ကညပိုင်းမှာလည်း ယူနိုက်တက်တာဝန်ရှိသူတွေနဲ့ ကွန်တီတို့အကြား ဆွေးနွေးမှုတွေရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့သေးတာပါ။

ဒါပေမယ့် ဒီသတင်းတွေက အခြေအမြစ်မရှိသေးဘဲ ကွန်တီကလည်း ဆိုးလ်ရှားကို လေးစားတဲ့အနေနဲ့ ယူနိုက်တက်နဲ့ တိုက်ရိုက်ဆွေးနွေးဦးမှာမဟုတ်ဘူးလို့ သိရပါတယ်။ ယူနိုက်တက်အသင်းတွင်း အခြေအနေတွေအရ လီဗာပူးကိုရှုံးခဲ့တဲ့ပွဲအပြီးမှာ အရင်လောက်ဆိုးလ်ရှားကို ထောက်ခံမှုမရှိတော့ပေမယ့် ဆိုးလ်ရှားကိုထပ်မံအခွင့်အရေးပေးဖို့ ဆန္ဒရှိနေကြတယ်လို့ဆိုပါတယ်။

ယူနိုက်တက်ဟာ လာမယ့်စနေမှာ စပါးနဲ့အဝေးကွင်းပွဲ၊ နိုဝင်ဘာ (၃) မှာ အတ္တလန်တာနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲ၊ နိုဝင်ဘာ (၆) မှာ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲတို့ကို ရင်ဆိုင်ကစားရမှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က