မြန်မာနိုင်ငံရဲ့ လက်ရှိအကောင်းဆုံး Dota 2 အသင်းလို့ အများကသတ်မှတ်ထားကြတဲ့ Team Veteran ဟာ နိုဝင်ဘာလ ၂၈ ရက်နေ့ကကျင်းပခဲ့တဲ့ Predator League Myanmar ရဲ့ Grand Final ပွဲစဉ်မှာ အနိုင်ရရှိကာ ချန်ပီယံဆုကိုထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။

Predator League ဟာ ကမ္ဘာကျော် Gaming Laptop Brand တစ်ခုဖြစ်တဲ့ Acer Predator က မြန်မာနိုင်ငံအတွက် တရားဝင်ကျင်းပပေးတဲ့ လက်ရည်စစ်ပွဲဖြစ်ပြီး ချန်ပီယံဖြစ်တဲ့အသင်းဟာ ၂၀၂၀ ခုနှစ်မှာကျင်းပမယ့် Asia Pacific Predator League ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအသင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာပဲဖြစ်ပါတယ်။

 



         ဒီပြိုင်ပွဲကို X Gaming က ကြီးမှူးကျင်းပပြီး စုစုပေါင်းဆုကြေးငွေ သိန်း ၅၀ ကျပ်ချီးမြှင့်ခဲ့ပါတယ်။ Team Veteran(ex-Team Cyanide), Yangon Galacticos, KingPanda Gaming, Outworld Esports တို့ကတော့ ဖိတ်ခေါ်ခံရတဲ့အသင်းတွေဖြစ်တာကြောင့် လက်ရည်စစ်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်စရာလိုဘဲ လိဂ်ပွဲစဉ်အဆင့်ကို တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။


လိဂ်ပွဲစဉ်အဆင့်ကို အသင်းပေါင်း ၁၆ သင်းက တစ်လတိတိယှဉ်ပြိုင်လို့အပြီးမှာတော့ အမှတ်စဉ်ဇယားရဲ့ထိပ်ဆုံး ၃ သင်းက Grand Finals ပွဲစဉ်ကို တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ အဲဒီသုံးသင်းကတော့ Veteran, Yangon Galacticos နဲ့ KingPanda Gaming တို့ပဲဖြစ်ပါတယ်။ Predator League Myanmar ရဲ့ Grand Finals ပွဲစဉ်ကိုတော့ ကန်သာယာရှော့ပင်းစင်တာမှာ ကျင်းပခဲ့ပါတယ်။

         Grand Finals ကိုတက်ရောက်ခွင့်ရရှိတဲ့ ၃ သင်းထဲမှာ Veteran ကအမှတ်အများဆုံးဖြစ်တာကြောင့် Grand Final ကို တိုက်ရိုက်တက်ရောက်သွားခဲ့ပါတယ်။ KingPanda Gaming နဲ့ Yangon Galacticos အသင်းတို့ကတော့ Grand Final တက်ရောက်ခွင့်အတွက် ယှဉ်ပြိုင်ခဲ့ရပြီး နောက်ဆုံးမှာ KingPanda Gaming ကအနိုင်ရရှိခဲ့ပါတယ်။


Grand Final ကိုတော့ BO5 ကစားခဲ့ရပြီး Veteran အသင်းက 3-0 ဆိုတဲ့ရလဒ်နဲ့ အပြတ်အသတ်အနိုင်ရရှိကာ ပထမဆုအတွက် ဆုကြေးငွေ ကျပ် ၂၅ သိန်းနဲ့ ဖိလစ်ပိုင်နိုင်ငံမှာကျင်းပမယ့် Asia Pacific Predator League 2020 ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်တစ်နေရာကို ရရှိခဲ့ပါတယ်။

 

         Veteran ဟာ သိပ်မကြာသေးခင်ကမှ Team Cyanide နာမည်နဲ့ WESG SEA 2019 Finals ပြိုင်ပွဲမှာ တတိယနေရာရရှိခဲ့ပြီး မကြာခင်ကျင်းပတော့မယ့် ဖိလစ်ပိုင် SEA Games မှာ မြန်မာကိုယ်စားပြုအသင်းအနေနဲ့ သွားရောက်ယှဉ်ပြိုင်တော့မှာပါ။


Veteran ရဲ့လက်ရှိလက်စွမ်းနဲ့ဆိုရင် SEA Games မှာ နေရာကောင်းတစ်ခုရရှိဖို့သေချာနေပေမယ့် ရွှေတံဆိပ်ဆုဆွတ်ခူးပြီး မြန်မာနိုင်ငံကိုဂုဏ်ဆောင်နိုင်တဲ့အသင်းဖြစ်ပါစေလို့ ထပ်လောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။


(Photo Credit- Predator League Myanmar, Veteran)


ဆက်စပ်အကြောင်းအရာများ

Share

က္က