ဂျပန်နိုင်ငံမှ ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူနဲ့နာမည်ကြီး ဘလော့ဂါတစ်ဦးဟာ အင်တာနက်ပေါ်က အငြင်းပွားဖွယ်ကိစ္စများကို စီမံဖြေရှင်းနည်းအကြောင်း ဟောပြောပြီးနောက် အသတ်ခံလိုက်ရတယ်လို့သိရပါတယ်။
အသတ်ခံရသူ ကာနီချီယို အိုကာမိုတိုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ဖူကူအိုကမြို့မှာ ဘလော့ဂါတွေအနေနဲ့ အင်တာနက်ပေါ်မှာ ပရိတ်သတ်ရအောင် ဘယ်လိုရေးသားမယ် ၊ ကိုယ့်ကို ပစ်မှတ်ထားပြီး စော်ကားတဲ့ tolls တွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတဲ့ အကြောင်းနဲ့ပတ်သတ်ပြီး ၂ နာရီကြာ လက်ချာပေးခဲ့တာပါ။ လူ ၃၀ ခန့်တက်ရောက်တဲ့ ဒီပွဲမှာ အိုကာမိုတိုမှ "ဘလော့ရေးလာခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း ကျွန်တော်ဟာ ရန်ပြုမှုတွေ ၊ နေမှုထိုင်မှုပုံစံပေါ် ထောက်ပြပြောဆိုတာတွေ ၊ ရေးလိုက်တဲ့ အကြောင်းအရာပေါ် မေးခွန်းထုတ်တာတွေ ၊ အချစ်အကြောင်းစာတွေ ၊ ရှေ့နေရှေ့ရပ်တွေဆီက စာတွေ စသည်ဖြင့် အလားတူ ပြဿနာအခက်အခဲတွေ အများကြီး ကြုံဖူးပါတယ်" လို့ဆိုခဲ့ပါတယ်။ ဒီအတွေ့အကြုံတွေကနေ အွန်လိုင်းပေါ်က ရန်ပွဲတွေကို ဘယ်လို ဖြေရှင်းမလဲဆိုပြီး အိုကာမိုတိုဟာ အတွေ့အကြုံများ ပြန်လည်မျှဝေခဲ့တာပါ။
အွန်လိုင်းမှာ Hagex လို့နာမည်ကြီးတဲ့ အိုကာမိုတိုဟာ ပွဲအပြီး ၁၅ မိနစ်ခန့်အကြာမှာ ဟောပြောပွဲကျင်းပရာ အဆောက်အဦးထဲမှ အမျိုးသားသန့်စင်ခန်းထဲ ဝင်သွားစဉ် လည်ပင်းနဲ့ဝမ်းဗိုက်များမှာ အချက်ပေါင်းများစွာ ဓါးနဲ့ထိုးသွင်းခံလိုက်ရတာပါ။ အိုကာမိုတိုကို ဆေးရုံပို့ဆောင်စဉ်မှာ သေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။
အမှုကျူးလွန်သူ ဟီဒဲမိဆု မတ်ဆုမိုတိုကို အခင်းဖြစ်ပြီး နာရီအနည်းငယ်အတွင်းမှာ ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါတယ်။ ထူးဆန်းတာက တရားခံ မတ်ဆုမိုတိုဟာ သေဆုံးသူကို အပြင်မှာ တစ်ခါမှ မြင်ဖူးတာမဟုတ်ဘဲ အိုကာမိုတိုကို အွန်လိုင်းမှာ ပြဿနာခဏခဏတက်ခဲ့ရာကနေ အမုန်းကြောင့် သတ်ပြစ်ရတာ ဖြစ်တယ်လို့ဆိုပါတယ်။ သတ်ပြီးပြီးချင်းမှာ သူဟာ ဒီလုပ်ရပ်အတွက် ကိုယ့်ကိုယ်ကို မကျေမနပ် ဖြစ်မိတယ်လို့အွန်လိုင်းမှာ ရေးသားခဲ့ပြီး အဖမ်းခံခဲ့တာပါ။
ကမ္ဘာပေါ်မှာ လူမှုကွန်ရက်များ အကြီးအကျယ် ထွန်းကားလာပြီးနောက် ကာအိနြေ္ဒပျက်အောင် ဖန်တီးတဲ့ revenge porn များ ၊ သေကြောင်းကြံခြင်းများ ၊ ကိုယ်ရေးကိုယ်တာ ချိုးဖောက်မှုများ ၊ အမုန်းစကားနဲ့အကြမ်းဖက်ရေး လှုံ့ဆော်မှုများအတွက် လူမှုကွန်ရက်တွေဟာ ကစားကွင်းသဖွယ်ဖြစ်လာခဲ့ပါတယ်။ ဂျပန် TV များမှာ ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူနဲ့အောင်မြင်တဲ့ ဘလော့ဂါတစ်ဦးအဖြစ် ဖော်ပြခံရတဲ့ အိုကာမိုတို သေဆုံခြင်းဟာ ဂျပန်နိုင်ငံအတွင်း တစ်နေ့တစ်ခြား တိုးပွားလာနေတဲ့ ဆိုက်ဘာဆက်စပ် ပြစ်မှုများကို မီးမောင်းထိုးပြနေတာလည်း ဖြစ်ပါတယ်။