ဒီလို အွန်လိုင်းကနေ အဝတ်အစားတွေ ဝယ်ယူတဲ့အခါမှာ အချိန်ကုန်၊ လူမပင်ပန်းဘဲ နောက်ဆုံးပေါ်ဒီဇိုင်းတွေ တန်းရနိုင်တာမျိုး ကောင်းကျိုးတွေရှိသလို မဒီတို့အနေနဲ့ စင်တာတွေမှာထွက် ရှော့ပင်မလုပ်ဖြစ်တော့ဘဲ အွန်လိုင်းကချည်းပဲ ဝယ်ဖြစ်နေတယ်ဆိုရင်တော့ တချို့သတိထားရမယ့် အချက

အွန်လိုင်းပေါ်မှာ ဈေးဝယ်ရတာက အချိန်ကုန်၊ လမ်းစရိတ်ကုန်၊ လူပင်ပန်း သက်သာတဲ့ ကောင်းကျိုးတွေ ရှိသလို သတိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။

ဟိုးအရင်ကတော့ ကျွန်မတို့အမျိုးသမီးတွေဟာ အင်္ကျီတစ်ထည်ရဖို့၊ စကတ်တစ်ထည် ဝယ်ဖို့ဆိုရင် စင်တာတွေ၊ ဈေးတွေသွားပြီး ခြေတိုအောင်ပတ်၊ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ဝင်ရွေးပြီး နေ့တစ်ဝက်လောက် ကုန်မှသာ လိုချင်တဲ့အင်္ကျီအဝတ်အစား ဝယ်ပြီး ပြန်လာတတ်ကြပါတယ်။ ရှော့ပင်လုပ်ပြီဆိုရင်လည်း ဘေးနားမှာ သူငယ်ချင်း၊ ဒါမှမဟုတ် ချစ်ရသူကို ခေါ်သွားတတ်ကြပြီး မဝယ်ခင် ဒီအဝတ်အစားနဲ့ လိုက်မလိုက် အတည်ပြုတတ်ကြသေးတာ။ အခုလို အင်တာနက်ခေတ်ရောက်လာချိန်မှာတော့ အဝတ်အစား၊ အဆင်တန်ဆာ နောက်ဆုံးပေါ်တွေကို အွန်လိုင်းကနေ အချိန်မကုန်၊ လူမပင်ပန်းဘဲ အလွယ်တကူ ဝယ်ယူလာနိုင်ကြပြီလေ။ OS လို့ အလွယ်တကူခေါ်ကြတဲ့ Online Shop page တွေကလည်း အများကြီးရှိလာပြီဆိုတော့ လူမှုကွန်ယက်လည်းသုံးရင်း၊ page တွေက ဘာအင်္ကျီဒီဇိုင်းတွေ အသစ်တင်သလဲ ကြည့်ရင်းနဲ့ ကြိုက်တာလေးတွေ့လိုက် မှာလိုက်နဲ့ အဆင်ကိုပြေနေတော့တာပါပဲ။

ဒီလို အွန်လိုင်းကနေ အဝတ်အစားတွေ ဝယ်ယူတဲ့အခါမှာ အချိန်ကုန်၊ လူမပင်ပန်းဘဲ နောက်ဆုံးပေါ်ဒီဇိုင်းတွေ တန်းရနိုင်တာမျိုး ကောင်းကျိုးတွေရှိသလို မဒီတို့အနေနဲ့ စင်တာတွေမှာထွက် ရှော့ပင်မလုပ်ဖြစ်တော့ဘဲ အွန်လိုင်းကချည်းပဲ ဝယ်ဖြစ်နေတယ်ဆိုရင်တော့ တချို့သတိထားရမယ့် အချက်ကလေးတွေလည်း ရှိနေပြန်ပါတယ်။

ပထမဆုံးတစ်ချက်ကတော့ အွန်လိုင်းကနေ ဝယ်တာဖြစ်လို့ ဓာတ်ပုံပဲကြည့်ပြီး ဝယ်ရတာမျိုး ဖြစ်ပါတယ်။ အခုနောက်ပိုင်း ရောင်းတဲ့သူတွေက Live လွှင့်ပြီး ရောင်းစေဦးတော့ ကိုယ်ကအင်္ကျီအသားကို အမြင်နဲ့သာ ဆုံးဖြတ်ရပါတယ်။ ဝတ်ကြည့်လို့မရတာကြောင့် ကိုယ့်ဘော်ဒီနဲ့ဆို ဘယ်လိုဖြစ်နိုင်သလဲ ခန့်မှန်းရပါတယ်။ ဒီအချက်နှစ်ချက်နဲ့တင် ကိုယ်ဝယ်လိုက်တဲ့ အဝတ်အစားဟာ ကိုယ်နဲ့လုံးဝကွက်တိကျပြီး လိုက်ဖက်မှုရှိဖို့ ဆိုတာ ဝယ်နေကျအင်္ကျီပုံစံနဲ့ အသားဖြစ်မှသာ အာမခံချက်ပေးနိုင်မှာပါ။ ဒါ့ကြောင့် ကိုယ်က အင်္ကျီ အဝတ်အစား စတာတွေကို မဝတ်ဖူးတဲ့ ဒီဇိုင်းဆန်းဆန်းရွေးမယ်ဆိုရင် စွန့်စားပြီးတော့ ဝယ်ရပါလိမ့်မယ်။ ဒါကိုအမြဲထည့်တွေးပါ။

နောက်တစ်ချက်ကတော့ ရှော့ပင်လုပ်ရတာ ဝါသနာပါသူတွေအတွက် မြင်သမျှကို လိုချင်တဲ့ စိတ်ဖြစ်တတ်ပါတယ်။ ဒီတော့ တွေ့သမျှဝယ်မိတော့တာပါပဲ။ ကိုယ့်မှာရှိပြီးသား ဒီဇိုင်းဆိုလည်း ထပ်မှာမိနေတာပဲ။ နောက်ဆုံးပေါ်လေး ဘယ်လို လှတယ်ဆိုပြီး OS တွေကပြောတာနဲ့ ကိုယ်နဲ့ လိုက်မှန်း မလိုက်မှန်းမသိ အော်ဒါလုပ်လိုက်တာပဲ။ မှာတဲ့ဟာ က ရောက်လာလို့ အဆင်ပြေတယ်၊ ကိုယ်တကယ်လိုအပ် နေတဲ့ဟာဆိုရင်တော့ ကျေနပ်စရာပေါ့။ မဟုတ်လို့များကတော့ မှာပြီး တစ်ခါမှမဝတ်လိုက်ရဘဲ ဗီရိုထဲမှာတင် သိမ်းပစ် လိုက်ရတာတွေ တစ်ပုံကြီးဖြစ်သွားပါလိမ့်မယ်။

ဒါ့အပြင် ဆိုင်မှာရှိပြီးသားမဟုတ်ဘဲ နှစ်ပတ်ကနေ သုံးပတ်အထိ စောင့်စားရတဲ့ ပြဿနာကလည်း ထင်တာထက် ပိုကြီးပါတယ်။ တချို့အွန်လိုင်းရှော့တွေကကျတော့ အသင့်ရှိနေပြီးသား အင်္ကျီအဝတ်အစားတွေကို ရောင်းချပေးတာမို့ နှစ်ရက်ကနေ သုံးရက်အတွင်း ပို့ပေးကြပါတယ်။ တချို့ကျတော့ ကိုယ်အော်ဒါလုပ်ပြီး အော်ဒါအားလုံးစာရင်းပိတ်ပြီးမှ မှာတာဖြစ်လို့ နှစ်ပတ်ကနေ သုံးပတ်ထိကြာတတ်ပါတယ်။ အဲ့ဒီမှာ ကြုံရတဲ့ပြဿနာက ကိုယ်မှာလိုက်တဲ့အချိန်ကတော့ စောင့်မယ်ဆိုပြီး မှာလိုက်ပေမယ့် နှစ်ပတ်သုံးပတ် အတွင်းမှာတင် အဲဒီအင်္ကျီကို တခြားလူတွေကဝတ်နေတာမျိုး တွေ့ရတဲ့အခါ ကိုယ့်စိတ်က မဝတ်ချင်တော့ဘူး ဆိုတာမျိုး ဖြစ်သွားတတ်ပါတယ်။ တစ်ခါတစ်လေကျ ကိုယ်တိုင်မကြိုက်တော့တာမျိုးပေါ့။ ဒါ့ကြောင့် ကိုယ်မှာမယ့် အဝတ်အစားကို ဒီလောက်အချိန်စောင့်နိုင်သလားဆိုတာကိုလည်း သေချာတွေးစေချင်ပါတယ်။

ကိုယ်မှာတဲ့ပစ္စည်းရောက်လာတဲ့အခါ ပုံထဲကနဲ့ လုံးဝကွဲပြားနေတဲ့အခါမျိုးတွေမှာ ပိုက်ဆံကတော့ ပေးလိုက်ရပြီး ပစ္စည်းက တလွဲကြီးဆိုပြီး ဒေါသထွက်စိတ်ပျက်ရတာမျိုးတွေလည်း ကြုံနိုင်ပါတယ်။ တစ်ချို့ OS တွေကျတော့ ဒါမျိုးမဖြစ်ပါဘူးဆိုပြီး အာမခံချက်အပြည့်ပေးနိုင်ပေမယ့် တစ်ချို့ကျတော့လည်း အာမမခံတာမျိုးတွေ ရှိပါတယ်။ အထူးသဖြင့် ချုပ်ရိုးချပ်သားမကောင်းတာ၊ ကာလာလွဲနေတာ၊ ပုံထဲက ဆိုက်ဒ်ကပိုကြီးနေတာ၊ စီးမကြည့်ရ ဝတ်မကြည့်ရတာကြောင့် ဘယ်လိုမှကိုယ့်ဘော်ဒီနဲ့ အချိုးမကျတဲ့ပြသနာမျိုးတွေ ကြုံနိုင်တာကိုလည်း သတိပြုရပါလိမ့်မယ်။

ဒီတော့ ခုလိုအွန်လိုင်းပေါ်ကဈေးဝယ်ရင်း ကြုံရနိုင်တဲ့ ပြသနာတွေကိုဖြေရှင်းနိုင်ဖို့ မဒီတို့အနေနဲ့ အပိုင်း(၂) ပိုင်းခွဲပြီး လေ့လာကြည့်ရအောင်။

"ကိုယ်လိုအပ်နေတာ ဘာဆိုတာ ကိုယ့်ကိုကိုယ် သေချာ သိပါစေ"

ဒီအပိုင်းက အရေးအကြီးဆုံးအပိုင်းပါ။ ကိုယ့်ဗီရိုထဲမှာ ဘာတွေရှိပြီး အဝတ်များတယ်။ ဘာကာလာလေးတွေရှိတယ်။ ဘယ်အဝတ်အစားကတော့ဖြင့် တကယ်လိုအပ်နေတယ် ဆိုတာမျိုး သေချာသိနေဖို့ လိုပါတယ်။ တစ်ခါတစ်လေ ရှိပြီးသားတွေကိုပဲ ထပ်ခါထပ်ခါမှာမိနေတတ်တဲ့ ပြဿနာမျိုး ရှိတာကြောင့် ငါ ဂျင်းဘောင်းဘီ တစ်ထည်လောက် လိုအပ် နေပါလား။ ဂျင်းဘောင်းဘီမှာမှ skinny ကတော့ရှိပြီ။ Boyfriend jeans လေးတစ်ထည် ဝယ်မယ်ဆိုပြီး စိတ်ကူးထားရင် တကယ်လိုအပ်နေတာ Boyfriend Jeans ဆိုတာကို မှတ်ထားလိုက်ပါ။ ဒါမှမဟုတ် ငါ ဘာကာလာလေးတော့ဖြင့် စမ်းဝတ်ကြည့် ချင်တယ်။ ဒီကာလာမျိုး အကျီကိုမှ ငါ့ဘော်ဒီနဲ့ လိုက်မယ့် top လေး ရှာမယ်ဆုံးဖြတ်ထားရင် ဒါကိုလည်း သေချာမှတ်ထားလိုက်ပါ။ ဒီလိုမှ မဟုတ်ဘဲ ငါ boho ဒီဇိုင်း dress လေးတွေ လိုချင်တယ်။ အဲဒါလေးတွေ တွေ့တာနဲ့မှာမယ် ဘာညာဆိုရင် လည်း ကိုယ်လိုချင်တဲ့dress ရဲ့ ပုံလေးတွေ ဖုန်းထဲမှာ သိမ်းထားပြီး ဒီလို ဒီဇိုင်းမျိုး OS တစ်ခုခုမှာတွေ့တာနဲ့ မှာလို့ ရပါပြီ။ ကိုယ်လိုအပ်နေတာက ဘာဆိုတာကိုသိဖို့ အရေးကြီးပါ တယ်။ လှတာတွေ့တိုင်းမဝယ်ဖြစ်အောင်တော့ ကိုယ့်စိတ်ကိုလည်း ကိုယ်ထိန်းရပါမယ်။

ဒါ့အပြင် ကိုယ်နဲ့လိုက်ဖက်တဲ့ ဒီဇိုင်း၊ မလိုက်တဲ့ဒီဇိုင်းကို လည်း သိအောင်လုပ်ထားသင့်ပါတယ်။ ကိုယ်က off shoulder တွေ ဝတ်လို့တကယ်အဆင်ပြေရဲ့လား၊ ကြိုက်ရဲ့လားဆိုတာမျိုးပေါ့။ မလိုက်တာကို မှာမိပြီး ကိုယ့်ဆီ ရောက်လာလို့ ဝတ်ကြည့်မှအဆင်မပြေရင် အသည်းကွဲရပါလိမ့်မယ်။ ဒီတော့ အစမ်း မဝတ်ကြည့်လည်း ကိုယ်နဲ့လိုက်မှာ သေချာနေမယ့် အဝတ်အစားမျိုးကိုသာ မှာပါ။ အထူးသဖြင့် နောက်ဆုံးပေါ်ဆိုတိုင်း မမှာလိုက်ပါနဲ့။ ကိုယ်ရွေးမယ့်အကျီသား၊ size ဘာညာအပြင် ဒီဇိုင်းကိုလည်း သေချာစဉ်းစားရွေးချယ်ဖိုု့ လိုပါတယ်။

တချို့လူတွေအတွက် ဖိနပ်တစ်ရံမှာလိုက်ပြီး အဆင်ပြေတတ်ပေမယ့် တချို့လူတွေအတွက်ကျတော့ စီးကြည့်ပြီးမှ ဝယ်ဖို့အဆင်ပြေတာမျိုးရှိပါတယ်။ နောက် ဂျင်းဘောင်းဘီ ဆိုရင်လည်း ဒီအတိုင်းပါပဲ။ ကုတ်အကျီနဲ့ Blazer ဘာညာ တွေကလည်း မှာပြီးကိုယ်နဲ့ လုံးဝကွက်တိဖြစ်တယ်ဆိုရင် ကံကောင်းတာလို့ ဆိုရမှာမို့ မသေချာတာတွေကိုတော့ အရဲစွန့်မဝယ်ပါနဲ့။

"ကိုယ်ဝယ်မယ့် အွန်လိုင်းရှော့အကြောင်းလည်း သိအောင် လုပ်ပါ"

အင်္ကျီလှလှလေး တင်ထားတာနဲ့ ဘာမမေး ညာမမေး တန်းပြီးအော်ဒါတင်တာမျိုးထက် ကိုယ်ဝယ်မယ့် အွန်လိုင်းရှော့ရဲ့pageကို ဝင်ကြည့်ပြီး တခြားသူတွေဝယ်တဲ့အခါ အဆင်ပြေမပြေ customer နဲ့ ဆက်ဆံရေးကို လေ့လာပါ။ customer တွေရဲ့ review ကိုလည်း ဝင်ဖတ်ပါ။ ပြီးတဲ့အခါ ကိုယ်ဝယ်မယ့် အကျီအဝတ်အစားအကြောင်း သိချင်တာကို အားမနာဘဲ မေးပါ။ Size နဲ့ပတ်သက်တာပဲ ဖြစ်ဖြစ်၊ ကာလာနဲ့ပတ်သက်တာပဲ ဖြစ်ဖြစ်သူတို့ ဘယ်လိုအကြံပေးချင်သလဲဆိုတာ မေးပါ။

ကိုယ်ကပွဲတစ်ပွဲအတွက် ရက်တွက်ပြီးမှာတာဆိုရင်လည်း ကိုယ်လိုချင်တဲ့ရက်အတိအကျ ရောက်နိုင်ပါ့မလား သေချာ မေးပါ။ မှာလိုက်လို့ရောက်လာတဲ့အခါ လွဲနေတာမျိုး ဘာညာဆိုရင် ပြန်လဲပေးမပေး မေးပါ။

တစ်ခါတစ်လေ တခြား online shop မှာ တင်ထားတဲ့အကျီဈေးထက် တအားနည်းနေရင်၊ များနေရင် ဝယ်သင့်မဝယ်သင့် တစ်ချက်ပြန်စဉ်းစားရပါမယ်။ Discount ချထားတယ်ပြောတိုင်းလည်း မလိုအပ်ပဲ မဝယ်ဖြစ်အောင် စိတ်ထိန်းပါ။

အရေးအကြီးဆုံးက prepaid ဆိုရင် ကိုယ့်ဘက်ကလည်း သူ့page က တကယ်ခိုင်မာရဲ့လား၊ Admin ရဲ့ account ကရော ဘာလဲ။ fake account နဲ့ သုံးတာလား စတာတွေ ကို သေချာသိထားတာ ပိုကောင်းပါတယ်။

ဒီအပိုင်း(၂) ပိုင်းစလုံးကို သေချာလုပ်ဆောင်ပြီးပြီဆိုမှသာ အော်ဒါတင်ပါ။ ဒီလိုဆိုရင် ကိုယ်မှာတဲ့ အဝတ်အစားက အဆင်ပြေဖို့ ရာခိုင်းနှုန်းများပါတယ်။ လိုချင်တာ လိုအပ်နေတာ ကွက်တိရပြီး အဆင်ပြေဖို့လည်း များပါတယ်။ ကိုယ်အော်ဒါတင်ပြီး မှာလိုက်တဲ့ OS က ဈေးတန်ပြီး ပစ္စည်းလည်းမှန် တယ်ဆိုရင်တော့ ဒီ OS နဲ့ ဆက်ဆံရေးကောင်းအောင် ဆက်ထိန်းထားပါ။ ကိုယ်က OS တွေမှာ ဝယ်ရတာ ကြိုက်တဲ့သူဆိုရင် ဝယ်နေကျ ကိုယ်နဲ့အဆင်အပြေဆုံး OS နှစ်ခု သုံးခုရှိထားသင့်ပါတယ်။ တစ်ခါတစ်လေ ကိုယ်လိုချင်တဲ့ ဒီဇိုင်းမျိုးတွေကို သီးသန့်ရှာပေးတတ်တဲ့ အွန်လိုင်းရှော့တွေလည်း ရှိတာမို့ page Admin တွေနဲ့ ခင်မင်သွားတဲ့အခါ သူတို့ကို မေးကြည့်ရင်လည်း ရပါလိမ့်မယ်။

ဒီလောက်ဆိုရင်တော့ အကျီအဝတ်အစားတွေ အွန်လိုင်းရှော့ကနေမမှာခင် ဘာတွေလုပ်ဆောင်ရမယ်၊ သိအောင်ကြိုးစားရမယ်ဆိုတာ နားလည်သဘောပေါက်လောက်ပြီမို့ အားလုံးအဆင်ပြေကြပါစေလို့။

Share

Loading Next Article...
က္က