ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်ဥက္ကာမင်းမောင်ဟာ ဇွန်လ(၂၆) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ သူဟာ ဂေးတစ်ယောက်ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။
အွန်လိုင်းမှာ နိုင်ငံခြားသားတစ်ယောက်နဲ့ နမ်းနေတဲ့ပုံတွေ ပြန့်ပြီးနောက်ပိုင်း ပရိသတ်တွေကို အမှန်တိုင်း ဗီဒီယိုဖိုင်နဲ့တကွ ဝန်ခံခဲ့တာပါ။ မရှက်မကြောက်ပဲနဲ့ ဝန်ခံရဲတဲ့ သူ့ရဲ့ စိတ်ဓာတ်ကြောင့်ပရိသတ်တွေရဲ့ ဝန်းရံမှု အနုပညာအသိုင်းဝိုင်းထဲက သူတွေရဲ့ ဝန်းရံအားပေးမှုတွေ အများကြီး ရရှိခဲ့ပါတယ်။
ဂေးဖြစ်ကြောင်း ဝန်ခံလိုက်တဲ့ ဥက္ကာမင်းမောင်
အခုဆိုရင် သူ့ရဲ့ ဗီဒီယိုဖိုင်ဟာ ကြည့်ရှုသူဦးရေ (၁)သန်းကျော်ရှိနေခဲ့ပြီလို့ ဥက္ကာမင်းမောင်က ဆိုပါတယ်။ သူ့ကို အားပေးတဲ့ပရိသတ်တွေ ထောင်နဲ့ချီရှိခဲ့သလို လိင်တူချစ်ခြင်းကို အားမပေးတဲ့ သူတွေလည်းအများကြီးရှိခဲ့ပါတယ်တဲ့။ အချစ်ဆိုတာ အချစ်ပါပဲလို့ ခံယူထားတဲ့ ဥက္ကမင်းမောင်က ဇွန်လ(၂၈)ရက်နေ့မှာလည်း သူ့ရဲ့ ခံစားချက်တချို့ကို ယခုလို ရေးသားထားတာတွေ့ရပါတယ်။
"ကျွန်တော့်ရဲ့ ဘဝကိုအကြောက်အရွံ့ကင်းကင်းနဲ့ ကျွန်တော်ချစ်တဲ့ ဒီယောကျ်ားနဲ့အတူ ဆက်လက်နေထိုင်သွားမယ်။ကျွန်တော့်ကို အားပေး ချစ်ခင်တဲ့သူတွေ ကျွန်တေ့ာ်ရဲ့ ပုံကိုပရိုဖိုင်ပြောင်းပေးကြတဲ့သူတွေ၊ လိင်တူချစ်ခြင်းကို အားမပေးတဲ့သူတွေ ကောမန့်တွေမှာ ဝေဖန်တဲ့ ပရိသတ်တွေအားလုံးကိုလည်း နှလုံးသားထဲက လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး အဲ့အကြောင်းနဲ့ ပတ်သက်ပြီး တော့ မငြင်းခုန်ပါနဲ့တော့။ အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်းဖြစ်တာပဲ မြင်ချင်ပါတယ်။ အရာအားလုံးက သူ့အကြောင်းနဲ့သူဖြစ်လာတာပါ။ ဂေးတစ်ယောက်အနေနဲ့ ကျွန်တော့်ဘဝကို ဒီလိုလျှောက်လှမ်းဖို့ ကျွန်တော်ရွေးချယ်လိုက်တယ်။ အဲ့အတွက်လည်း ကျွန်တော်အရမ်းကို ပျော်ရွှင်နေပါတယ။် ကျွန်တော်တို့က မျိုးဆက်သစ်တစ်ခုနဲ့ LGBT အသိုင်းအဝိုင်းကို ကောင်းကောင်းအားပေးလှုံဆောင်နိုင်တဲ့ နမူနာ ကောင်းတစ်ခုဖြစ်လာပါလိမ့်မယ်။ အချစ်ဆိုတာ အချစ်ပါပဲ။ ကိုယ့်ရဲ့ ဖြစ်တည်မှုအတွက် ဂုဏ်ယူပါ။ ဂေးစုံတွဲအနေနဲ့ အွန်လိုင်းပေါ်မှာ မသင့်လျှော်တဲ့ ဓာတ်ပုံတွေကို ကျွန်တော်ဘယ်တော့မှ တင်မှာမဟုတ်ပါဘူ။ နောက်ပြီးတော့ ဘယ်လို ယောကျာ်းမိန်မ ဘယ်လို လိင်မျိုး ကိုပဲသင်ချစ်မိပါစေ ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ တစ်သက်လုံးပျော်ပျော်ရွှင်ရွှင်နေသွားနိုင်တယ်ဆိုတာ ကျွန်တော်တို့ သက်သေပြသွားပါ မယ်။ ချစ်ခြင်းမေတ္တာဟာအရာအားလုံးကို အောင်နိုင်ပါလိမ့်မယ်" လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ(၂၈) ရက်နေ့က ရေးသားထားတာ တွေ့ရပါတယ်။
ဥက္ကာမင်းမောင်ဟာ အခုချစ်သူနဲ့ မတွေ့ခင် အိမ်ထောင်ကျခဲ့ဖူးတယ်လို့ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းပြောခဲ့ပါတယ်။ သူတို့နှစ်ယောက် လက်တွဲခဲ့တဲ့ အချိန်ဟာ (၈)နှစ်လောက်ရှိခဲ့ပေမယ့် ခင်ပွန်းဖြစ်သူဟာ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလောက်က ရုတ်တရက်ဆုံးသွားခဲ့ပါတယ်။ သူ့ရဲ့ ဘဝထဲက ခင်ပွန်းဖြစ်သူ ထွက်ခွာသွားတဲ့ အချိန်ဟာ သူ့ဘဝအတွက် အရမ်းကို ခက်ခဲခဲ့တဲ့ အချိန်တစ်ခုဖြစ်ခဲ့ရတယ်လို့လည်းသူ့ရဲ့ ဗီဒီယိုဖိုင်ထဲမှာ ပြောပြထားပါတယ်။
ဥက္ကာမင်းမောင်အနေနဲ့ Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အနေ နဲ့ သရုပ်ဆောင်ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်ခဲ့သူဖြစ်ပြီး 18 Album ကိုလည်း ထွက်ရှိထားပါသေးတယ်။